Home
မြန်မာသတင်း
ဘားအံမြို့က ရေခန်းခြောက်နေသည့် ကန်သာယာကန်ကို ပြန်လည်တူးဖော်
DVB
·
May 20, 2019
kan tharyar
ဘားအံမြို့၊ ကျက်သရေဆောင် ကန်သာယာ ရေခန်းခြောက်လာမှု မဖြစ်စေဖို့ မြေတွေ ပြန်လည်တူးဖော်ရေးလုပ်ငန်းကို ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ဆောင်ရွက်နေတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်လွင်က ပြောပါတယ်။ ကန်သာယာ ပတ်ဝန်းကျင် လှပရေး၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်ရာမှာ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေစေဖို့၊ ကန်အတွင်း ရေစီးရေလာ ကောင်းမွန်စေဖို့နဲ့ ရေခန်းခြောက်မှု လျော့နည်းစေဖို့၊ ညအချိန် မီးဆိုင်းတပ်ဆင်ပေးတာကြောင့် ဒုစရိုက်မှု လျော့နည်းစေဖို့ ရည်ရွယ်ပြီး ကန်သာယာ ပြန်လည်တူးဖော်တာနဲ့ ချစ်သူလမ်းကြားကိုပါ တိုးချဲ့ပြုပြင်နေတာပါ။ ဘားအံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးတင်မောင်လွင်က “ကန်သာယာကြီးကို စီးဆင်းနေတဲ့ ရေမြောင်းရဲ့ထိပ်မှာ အတားအဆီးသဖွယ်ဖြစ်နေတဲ့ ပိတ်နေတဲ့ ကုန်မြေကြီးကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ရေစီးရေလာကောင်းမွန်သွားမယ်” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ခံအင်ဂျင်နီယာမှူး၊ ဦးမောင်မောင်အောင်က “ဒီတင်နေတဲ့ နုန်းတွေကို မိုးတွင်းမတိုင်ခင် မိုးမရွာမချင်း ရသလောက်ဆယ်ထုတ်မှာ။ နောက်ဆုံး ကျနော်တို့က ပေ ၂၀၀ ပတ်လည် ကျင်းကြီး တကျင်းရသွားတယ်ဆို လာမယ့်နှစ်မှာ ပေ ၂၀၀ ပတ်လည်အတွက် ရေပိုစုဆောင်းနိုင်မယ်” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ နန်းစပယ်အောင်က “ဒါကနောက်ထပ် ပြည်နယ်အလှကို တိုးစေမယ့် အရာတခုပေါ့နော်။ ဒီထက်မက ပိုစည်းကားအောင်လုပ်ရင်တော့ ခရီးသွားဧည့်သည့်တွေက များလာမယ်လို့ထင်တယ်” လို့ ပြောပါတယ်။ ကန်သာယာနေရာဟာ ယခင်က လယ်ကွင်းတွေ ချိုင့်ဝှမ်းနေရာတွေကို ကရင်ပြည်နယ် ပြည်သူ့ကောင်စီလက်ထက် အကျယ်အ၀န်း ၁၅၅ ဧကပေါ်မှာ ၁၉၈၂ ခုနှစ်က စတင်တည်ဆောက်တာဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ လုပ်ငန်းပြီးစီးခဲ့ရာမှာ ကုန်ကျငွေစုစုပေါင်း ၄၅ သိန်း ၉ သောင်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ ချစ်သူလမ်းကြား တိုးချဲ့ပြုပြင်ဖို့ ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သိန်း ၁၄၀ ကျော် အကုန်အကျခံ ဆောက်ရွက်နေတာဖြစ်ပြီး ကန်သာယာပြန်လည်တူးဖော်မှုကို လုပ်ငန်းပြီးစီးမှု အပေါ်ကြည့်ပြီး ပြည်နယ်အစိုးရရန်ပုံငွေကနေ တွက်ချက်သုံးစွဲသွားမှာဖြစ်ပြီး မိုးမကျခင် လုပ်ငန်းပြီးစီးသလောက် ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူကပြောပါတယ်။ သတင်း- ရဲမင်းခေါင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013