အထက်မင်းလှမြို့နယ် လိန်ကျောကျေးရွာကို သောက်သုံးရေ လှူဒါန်း
DVB
·
May 18, 2019
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် လိန်ကျောကျေးရွာမှာ သောက်သုံးရေ ပြတ်လပ်နေတဲ့အတွက် မလွန်-မင်းလှ ပရဟိတအဖွဲ့မှ မေလ ၁၇ ရက်နေ့က စတင်ပြီး ၁၀ ရက်စာ သောက်သုံးရေတွေ လှူဒါန်းပေးနေပါတယ်။
မလွန်-မင်းလှ ပရဟိတအဖွဲ့မှ ဦးဆောင်သူ ဒေါက်တာ ရဲထွန်းဇော်က "အရင်သုံးနေတဲ့ ကန်က ပြန်ဆည်လိုက်တဲ့ အတွက် မိုးမရွာလို့ သောက်သုံးရေပြတ်လပ်သွားတာပါ။ စင်ကာပူရောက် အလှူရှင်တယောက်ရဲ့ ပံ့ပိုးမှုနဲ့ တနေ့ကို ရေဂါလန် ၂၀၀၀ နှုန်းနဲ့ ၁၀ ရက်စာလှူဒါန်းပေးနေတာပါ။ မိုးကျတဲ့အထိ တနေ့ကို ရေကား နှစ်စီးနှုန်း လှူဒါန်းပေးပေးမှာပါ။” လို့ ပြောပါတယ်။
လိန်ကျောကျေးရွာမှာ အိမ်ထောင်စု ၆၀ ကျော် လောက်နေထိုင်ပြီး ကျွဲနွားကောင်းရေ ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီး အတွင်းက ကျေးရွာတွေမှာ နှစ်စဉ် သောက်သုံးရေပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအပြင် ပြည်တွင်းပြည်ပ အလှူရှင်တွေ အကူညီနဲ့ သောက်သုံးရေ လှူဒါန်းပေးတာ၊ ရေတွင်းတူးဖော်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။