မကွေးမြို့တွင် သေနတ်ကျည်ဆန် ၈၀၀ ခန့် သိမ်းဆည်းမိ
DVB
·
May 10, 2019
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နန်းထိုက်သူဟိုတယ်အနီး ကျောက်သားဥယျာဉ် နံရံဘေးနားက အမှိုက်ပုံမှာ ကျည်ဆန် ၇၈၂ တောင့် ဒီနေ့မနက်ပိုင်းက သိမ်းဆည်းမိခဲ့ပါတယ်။
မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်းက "ကျော်လက်ဖက်ရည်ဆိုင်က ဆေးသုတ်တဲကလေးတွေက ကျည်ဆန်တွေ တွေ့တယ်လို့ ဖုန်းဆက်ပြီး အကြောင်းကြားတဲ့အတွက် နယ်ထိန်းအဖွဲ့နဲ့ သွားရောက်ခဲ့ပြီး တပ်ထိန်းအဖွဲ့ကို ဆက်လက် အကြောင်းကြားခဲ့ပါတယ်။ ကျောက်သား ဥယျာဉ်ဘေး အမှိုက်ပုံမှာ ပီနံအိတ်ခွံနဲ့ အထုပ်တထုပ် တွေ့ရှိပြီး အဲဒီအထုပ်ထဲက ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ကျည်ဆန်ထုပ် ၂ ထုပ်ထဲက 5.56 ကျည်အမျိုးအစား ၇၈၂ တောင့် တွေ့ခဲ့တာပါ။ ခုမှဖြစ်တာဆိုတော့ သုံးသပ်ချက်က ပြောလို့ မရသေးပါဘူး။ ကျည်ဆန်တွေကတော့ လာရောက်လွှင့်ပစ်ထားတဲ့ သဘောဖြစ်ပြီး တပ်မတော်နဲ့ ပူးပေါင်းပြီး ကျည်ဆန်တွေ ရောက်လာတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်သွားမှာပါ” လို့ ပြောပါတယ်။
အဲဒီကျည်ဆန်တွေကို မကွေးအခြေစိုက် တပ်မ ၈၈ မှ တပ်ကြပ်ကြီး မိုးညွန့်ထွေးနဲ့အဖွဲ့က သိမ်းဆည်းသွားပြီး ဖြစ်စဉ်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မင်းထီး