မကွေးတိုင်း မြို့သစ်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တချို့ ဆုံးရှုံး
ဇော်ဖေ
·
February 27, 2018
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၂၇ လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။
ဆူးတပ်ကြီးကျေးရွာနေ တောင်သူ ဒေါ်ကြည်ဝင်းရဲ့သမီး မသင်း (စိတ်ကျန်းမာရေးမကောင်းသူ) ဟင်းချက်ပြုတ်ရာကနေ လေးပင်ပတ်လည် သွပ်မိုး၊ ပျဉ်ခင်း ထရံကာ အိမ်ကို မီးစွဲလောင်ခဲ့ပြီး အနီးအနား အိမ်တွေပါ မီးလောင်ကျွမ်းခဲ့တာပါ။
မီးလောင်မှုကြောင့် အိမ်ခြေ ၂၇ လုံး၊ ဝက် ၃ ကောင် မီးထဲပါသွားပြီး ခန့်မှန်းခြေ ကျပ် ၁၀၅ သိန်းဖိုးလောက် မီးလောင်ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေနဲ့ ကျေးရွာသူကျေးရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့တဲ့ မသင်းကို မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်းမှာ (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်ဖေ