တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူ သေဆုံး
DVB
·
May 4, 2019
တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ဦးတင်အုန်းဟာ အချုပ်ခန်းထဲမှာ မူးလဲပြီး သေဆုံးသွားတယ်လို့ ခရိုင်ရဲတပ်ဖွဲမှူးက ပြောပါတယ်။
ဒီနေ့မနက် ၁၁ နာရီအချိန်မှာ အိမ်သာတက်ပြီး မူးလဲတာကိုတွေ့တော့ ခေါ်ထုတ်ပြီး စဝ်စံထွန်းဆေးရုံ ပို့ဆောင်ရာမှာ ဆေးရုံအရောက် သေဆုံးတယ်လို့ ဆိုပါတယ်။
“အိမ်သာတက်နေတာ၊ အိမ်သာထဲခွေနေတာတွေ့တော့ ဆွဲထုတ်လိုက်တာ အဲမှာ သူက အသက်ရှူမမှန်ဘူး။ ဆေးရုံတင်ပေးလိုက်တော့ ဆေးရုံမှာသေသွားတယ်” လို့ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးကပြောပါတယ်။
လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်အုန်းဟာ နဂိုရောဂါအခံဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါ တွေရှိပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်လို့လည်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေနေမှာ ပျောက်ဆုံး ပစ္စည်း ရွှေထယ်တွေ ၈၀ ရာခိုင်နှုန်းလောက်ပြန်ရပြီဖြစ်ပြီး ကျန်ရှိ တရားခံကွင်းဆက်တွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ရဲမှူးက ဆိုပါတယ်။
လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်အုန်း (ခေါ်) ဦးအိုက်အုံးကို ဧပြီ ၂၉ ရက်နေ့က ကျောက်မဲမှာ ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိပြီး မေ ၄ ရက်နေ့မှာ သေဆုံးသွားတာပါ။
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) နေအိမ် (မြင်းဖြူနှစ်ကောင်ဆေးတိုက်) မှာ ဧပြီ ၂၈ ရက်က ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားပြီး သေဆုံးသူမှာ စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ သား မောင်ဖဖ၊ အသက်(၇)လ၊ အလုပ်သမား မအေးမိုး (၁၇)နှစ်၊ တို့ ဖြစ်ပါတယ်။
ခွန်ရာဇာ