တောင်ကြီးတွင် ကျူးကျော်နှင့် ရဟန်းအတုအယောင်များ၏ နေရာများကို ရှာဖွေရှင်းလင်း
DVB
·
March 15, 2019
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျူးကျော်နဲ့ ရဟန်းအတုအယောင် ကိန်းအောင်းနိုင်တဲ့ နေရာတွေကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက မတ်လ ၁၄ ရက် ညနေပိုင်းမှာ ရှာဖွေဖယ်ရှား ရှင်းလင်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက တောင်ကြီးမြို့ပေါ်မှာ ရဟန်းတုအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ပြီး အလားသဏ္ဌာန်တူ မဖြစ်ပွားဖို့ ရှာဖွေရှင်းလင်းတာလို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးက ပြောပါတယ်။
အဓိက တောင်ကြီးမြို့ရှိ သစ်တောရပ်ကွက်နဲ့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေမုဌောဘုရားတောင်ခြေနဲ့ တောင်ချွန်းတောင်ခြေမှာ ရှာဖွေရှင်းလင်းတာလို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျူးကျော်တွေ ရှိတယ်ဆိုတာ သိပေမယ့် လုံခြုံရေးအရ မလုပ်ဆောင်နိုင်တဲ့အတွက် ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာလို့ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။
ရှင်းလင်းရာမှာ ယာယီတဲတွေကို ဖျက်ဆီးခဲ့သလို လူမရှိတဲ့တဲတွေနဲ့ သင်္ကန်းဝတ်တွေကိုလည်း တွေ့ရှိပြီး ဥပဒေအရ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရွှေမုဌော စောင်းတန်းမှာ ရဟန်းတုတပါးက ရဟန်းဖော် နှစ်ပါးကို ရိုက်သတ်မှု ဖြစ်ပွားသလို ကျူးကျော်တွေဖြေရှင်းတဲ့ ရတနာသီရိရပ် အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရမှုလည်း ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက တောင်ကြီးမြို့ မှုခင်းလျော့ချရေးအတွက် ညပိုင်း မြို့ကိုပတ်ပြီး ရှာဖွေရှင်းလင်းရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ