ဇွန်လတွင် ရန်ကုန် လျှပ်စစ်မီး ပုံမှန်ပြန်ရမည်ဟုဆို
DVB
·
April 27, 2019
လျှပ်စစ်မီးတွေ မကြာခဏပြတ်တောက်တာတွေ ဖြစ်နေတဲ့ ရန်ကုန်မြို့မှာ လာမယ့် ဇွန်လလောက် မီးပုံမှန်ပြန်ရမယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြောပါတယ်။
ခုနွေရာသီရဲ့ အပူချိန်ဟာ တနေ့ထက်တနေ့ မြင့်တက်နေတာကြောင့် လျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်နေတဲ့ ရေအားလျှပ်စစ်စက်ရုံတွေမှာ ရေလျော့နည်းနေတဲ့အတွက် ဓာတ်အား ထုတ်လုပ်မှုတွေလည်း လျော့နည်းကျဆင်းနေတာဖြစ်ပြီး မိုးရာသီ ဇွန်လလောက်ရောက်ရင် ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးအောင်ကျော်ဦးက ပြောပါတယ်။
ခုလို လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတဲ့အပေါ် ဈေးရောင်းသူတဦးက “မီးလာဖို့က အဓိကပဲ။ မလာတဲ့အခါ ဝယ်သူက ဒုက္ခရောက်သလို ရောင်းတဲ့သူကလည်း အရောင်းအဝယ်မကောင်းဘူး။ ဈေးရောင်းတဲ့အချိန်တော့ အမြဲတမ်းလာစေချင်တယ်။ ကျန်တဲ့အချိန် မလာတာတော့ ပြဿနာမရှိဘူး” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဝန်အားတွေကို မနက် ၉ နာရီကနေ ၁၁ နာရီအတွင်း၊ ည ၇ နာရီကနေ ၈ နာရီအတွင်း အချိန်တွေမှာ လိုအပ်ပါက အရေးပေါ်ယာယီ ဝန်အားလျော့သွားမှာဖြစ်ပြီး စက်မှုဇုန်တွေ၊ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မယ်လို့ ဆိုပါတယ်။
အရေးပေါ်ဝန်အားလျော့ ထိန်းညှိခြင်းဆောင်ရွက်ရာမှာ ဓာတ်အားပိတ်ကြာမြင့်ချိန် အနည်းဆုံး ၁ နာရီကနေ အများဆုံး နှစ်နာရီအထိ ကြာမြင့်နိုင်တယ်လို့ ဆိုပတါယ်။
အရေးပေါ် ဓာတ်အားပိတ်ရာမှာ ပထမအဆင့်အနေနဲ့ စက်မှုဇုန်တွေကို ပေးထားတဲ့ ဓာတ်အားလိုင်းတွေကို အချိန်ပိုင်းဓာတ်အား လျော့မှာဖြစ်ပြီး အများပြည်သူနေထိုင်ရာ ရပ်ကွက်တွေကိုတော့ လိုအပ်မှသာ အချိန်ပိုင်းဓာတ်အားလျှော့မှာဖြစ်ပါတယ်။