ကားတစီးပေါ်တွင် ရေခဲတုံးများနှင့်အတူ တရားမ၀င်မြန်မာ ၃၂ ဦးကို ဖမ်းမိ
DVB
·
April 26, 2019
ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ ရေခဲတုံးတွေနဲ့အတူ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို ဖမ်းဆီးရမိတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၂၅ ရက်က ပရကျူတ်ခီရီခန်ခရိုင် ခလောင်းဝမ်းမြို့နယ်ထဲမှာ တာဝန်ရှိသူတွေ စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဘွယ် အီဇူစူးဟိုင်းလပ်ကား အဖြူရောင်တစီး ဆင်းခွန်ဂိတ်ဘက်ကနေ မောင်းနှင်လာကြောင်း၊ အဆိုပါကားဟာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေ တာတွေ့တော့ ချက်ချင်းအရှိန်မြှင့်ပြီး ဖစ်ကဆဲမ် လမ်းဘက်မောင်းနှင်သွားတာကြောင့် စောင့်ကြပ်စစ်ဆေးပေးဖို့ ရှေ့ကရဲတပ်ဖွဲ့ဝင်တွေကို စကားပြောစက်နဲ့ အကြောင်းကြားခဲ့တယ်လို့ ခလောင်းဝမ်းရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကားဟာ ၁ နာရီကို ကီလိုမီတာ ၁၃၀ နှုန်းလောက် အမြန်မောင်းနှင်သွားပြီး ကွီပူရီမြို့နယ်ထဲ ပင်လယ်ကမ်းစပ်ပတ်လမ်းတလျှောက်မှာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ လိုက်မီခဲ့ပြီး ရပ်တံ့စစ်ဆေးရာမှာ ကားမောင်းသူမှာ အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းခုံးရစ်ထိ ဆိန်ဖော့ဆိုသူ ထိုင်းလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
ကားနောက်ခန်းကို အမြင့် ၂ မီတာခန့် သံကိုယ်ထည်ပြုလုပ်ပြီး မိုးကာတွေနဲ့ ဖုံးအုပ်ထားကြောင်း၊ မိုးကာကိုဖွင့်ကြည့်လိုက်ရာမှာတော့ ညှပ်ပိတ်ပြီးလိုက်ပါလာကြတဲ့ မြန်မာ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၂ ဦး တို့ကို အ၀တ်အစားအိတ်တွေနဲ့အတူ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။
ကားပေါ်က ကြမ်းခင်းလုပ်ထားတဲ့ မိုးကာကိုလှပ်ကြည့်ရာမှာတော့ ရေခဲတုံးတွေ စီထည့် ထားပြီး စစ်ဆေးမေးမြန်းရာမှာ ကားသမားက ရာသီဥတုပူတာကြောင့် ကားထဲလိုက်ပါလာတဲ့ သူတွေ အအေးဓာတ်ရအောင်ထည့်လာတာလို့ ဆိုပါတယ်။
သူတို့ဟာ မော်လမြိုင်ဘက်ကလာတာဖြစ်ပြီး ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့်သူတွေဖြစ်ကြောင်း၊ မလေးရှားထိအရောက်သွားဖို့ ပွဲစားကို တဦးလျှင် ကျပ် ၇ သိန်းခွဲ (ဘတ် ၁၆၅၀၀ ခန့်) ပေးရကြောင်း၊ မော်လမြိုင်ကနေ တနသာင်္ရီတိုင်း၊ အဲဒီကနေ ပရကျုတ်ခီရီခန်ခရိုင် ဆင်းခွန်ဂိတ်ဘက်ကို တောလမ်းကနေ ၂ ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကားမောင်းသမားဟာ အဖမ်းခံရမှာစိုးလို့ အရှိန်မြင့်စွာမောင်းနှင်ခဲ့ပေမယ့် ကံကောင်းလို့ ယာဉ်မတော်တဆထိခိုက်မှု မဖြစ်ခဲ့တာလို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။