ချောက်မြို့ အပူရှောင် စခန်း ၃ ခုတွင် လူ ၆၀ ကျော် လာရောက်ခိုလှုံနေ
DVB
·
April 26, 2019
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အပူဆုံးမြို့ဖြစ်တဲ့ ချောက်မြို့မှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားပေမယ့် နေရာ ၃ နေရာမှာသာ လူပေါင်း ၆၀ ကျော်လောက် လာရောက် ခိုလှုံနေထိုင်သူရှိတယ်လို့ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက သိရပါတယ်။
ချောက်မြို့အပူချိန်ဟာ ဧပြီ ၁၈ ရက် နောက်ပိုင်းမှာ ၄၆ ဒီဂရီစင်တီဂရိတ်အထိ မြင်တက်ခဲ့လို့ မြို့နယ်တာဝန်ရှိသူတွေက ချောက်မြို့ပေါ် (၁၅)ရပ်ကွက်ရှိ ဓမ္မာရုံတွေ၊ အေးမြကျယ်ဝန်းတဲ့နေရာတွေမှာ အပူရှောင်စခန်း ၃၂ ခုကို ဧပြီ ၂၃ ရက်က စတင် ဖွင့်လှစ်ပေးထားတာပါ။
အပူရှောင်စခန်းတွေထဲက အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံမှာ သက်ကြီးရွယ်အိုနဲ့ ကလေး ၂၁ ဦး၊ အမှတ်(၇) ရွာဟောင်း ဓမ္မာရုံမှာ ၁၁ဦးနဲ့ အမှတ်(၁၄)ဇောတိက ညောင်ပင်ကြီးအောက် ဇရပ်တွေမှာ ၂၉ ဦး လာရောက် ခိုလှုံနေတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးက ပြောပါတယ်။
အပူရှောင်စခန်းတွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမားရေးအဖွဲ့တွေက မနေ့က သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမေးမြန်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ချောက်မြို့နယ် အပူချိန်ဟာ ဧပြီ ၂၄ ရက်မှာ ၄၄ ဒီဂရီ၊ ၂၅ ရက်နေ့မှ ၄၅ ဒီဂရီရှိလို့ အနည်းငယ် ကျဆင်းလာတယ်လို့ ချောက်မြို့မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာရေး စခန်းက သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)