ဝက်လက်မြို့နယ်တွင် လေပြင်းကြောင့် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး
DVB
·
April 19, 2019
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်းမှာ မနေ့ည ၇ နာရီလောက်က လေပြင်းတိုက်ခတ်တာကြောင့် ကိုင်းရွာအုပ်စု ကိုင်းရွာမှာ အိမ်ခြေ ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
“အိမ်ခြေကတော့ အမိုးလန်သွားတာရော၊ လုံးဝပျက်စီးသွားတာရော၊ သစ်ပင်ပိတာရော အားလုံးပေါင်း ၆၀ ကျော်တယ်ဗျ။ ဘုန်းကြီးကျောင်းက ကားတစီးလည်း အမိုးပိလို့ ပျက်စီးသွားသေးတယ်” လို့ တာဝန်ရှိ ရွာလူကြီးတဦးက ပြောပါတယ်။
လေပြင်းကြောင့် ထိခိုက်ပျက်စီးတာတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်စစ်ဆေးကြပြီး အမြန်ဆုံးအကူအညီပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“အိမ်ခြေ ၆၈ အိမ် နဲ့ ကားတစီးပျက်စီးတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှုတော့မရှိပါဘူး၊ အကူအညီ အမြန်ဆုံးရအောင် တိုင်း/လူကယ်ပြန်ကိုတော့ အကြောင်းကြားပြီးပြီ” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက ပြောပါတယ်။
အပျက်အစီးတွေ အမြန်ရှင်းလင်းနိုင်ရေးအတွက် ရွှေဘိုမြို့ ခလရ ၁၁ မှ တပ်မတော်သားတွေက လာရောက်ကူညီရှင်းလင်းနေကြတယ်လို့ သိရပါတယ်။ လေပြင်းကြောင့် ဝက်လက်မြို့နယ်အတွင်းမှာ ကိုင်းရွာ တရွာတည်း ပျက်စီးတယ်လို့ သိရပါတယ်။
အောင်စံလင်း