မန္တလေး နန်းမြို့ရိုး၊ ကျုံး အပန်းဖြေလျှောက်လမ်း ဖွင့်လှစ်
DVB
·
April 13, 2019
မန္တလေးမြို့ ၆၆ လမ်း၊ နန်းမြို့ရိုးနဲ့ ကျုံးအရှေ့ဘက် ပလပ်ဖောင်းမှာကို အဆင့်မြှင့်တင်ပြီး အပန်းဖြေ လျောက်လမ်းအဖြစ် ဒီကနေ့ ဧပြီ ၁၃ ရက်မှာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင်မောင်က ဖွင့်လှစ်ပေးလိုက် ပါတယ်။
“နန်းတော်ရယ်၊ မြို့ရိုးရယ်၊ ကျုံးရယ်ဟာ ပြည်သူတွေပိုင်တာပါ။ ကျနော်တို့ မစောင့်ရှောက်ရင် ဘယ်သူတွေ စောင့်ရှောက်မလဲ။ ကျနော်တို့ ရည်မှန်းချက်ကိုက ၂၀၃၀ မှာ မန္တလေးမြို့ကြီးဟာ သန့်ရှင်းရမယ်၊ သပ်ရပ်ရမယ်၊ ခေတ်မီရမယ်၊ နိုင်ငံ တကာနဲ့ မပြိုင်နိုင်တောင် အာဆီယံမှာ မန္တလေးမြို့ဟာ သန့်ရှင်းသပ်ရပ်ပြီး ခေတ်မှီတဲ့ မြို့တမြို့ ဖြစ်အောင် ကျနော်တို့ ဝိုင်းပြီးလုပ်ကြမယ်။ ဘယ်နေရာမှာမဆို ပြည်သူမပါဘဲနဲ့မရဘူး”လို့ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဖော်မြင့်မောင်က အပန်းဖြေ လျောက်လမ်း ဖွင့်ပွဲမှာ ပြောပါတယ်။
အဆင့်မြှင့်တင်ရာမှာ သင်္ဂဟဖောင်ဒေးရှင်းက နန်းမြို့ရိုးကျုံးအရှေ့ဘက် ၆၆လမ်းကို အပန်းဖြေလျှောက်လမ်းအတွက် အခြေခံကွန်ကရစ်လောင်းကာ အပူဒဏ်ခံနိုင်တဲ့ ကြွေပြားတွေခင်းပြီး အောင်မြင်ခဲ့တာကြောင့် မန္တလေးမြို့တော်ဝန် ဦးရဲလွင်ထံကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
၆၆ လမ်း ကျုံးအရှေ့ဘက်မှာ ပြုလုပ်ထားတဲ့ ပလက်ဖောင်းဒီဇိုင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေထံကနေ ဆန္ဒသဘောထား ကောက်ယူပြီးရရှိလာတဲ့ ဆန္ဒသဘောထားအတိုင်း စတီးကြိုးအကာရံနဲ့ တပ်ဆင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။