Home
မြန်မာသတင်း
မဖြစ်နိုင်သည်ကို မတောင်းဆိုရန် တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 26, 2019
Maj General Soe Naing Oo
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း မဖြစ်နိုင်တာတွေကို မတောင်းဆိုကြဖို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၅ ရက်က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်တွေအပေါ် ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့တာပါ။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ တပ်မတော်အနေနဲ့ ပြောချင်တာကတော့ EAO တွေအနေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုးတက်တယ်ဆိုတဲ့ လက္ခဏာဆောင်တယ် ဆိုတာကို လက်ခံပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ်လို့ ကျနော်တို့အနေနဲ့ အဖြေ (Result) ကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အဖြေမထွက်ခင် သို့မဟုတ် ကောင်းတဲ့ Result မရခဲ့ရင် ဒီတွေ့ဆုံမှုတွေဟာ အကျိုးမရှိပါဘူး။ ဒါကြောင့် EAO တွေအနေနဲ့ တွေ့ဆုံမှုတွေမှာ မဖြစ်နိုင်တာတွေ တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့အတွက် တပ်မတော်အနေနဲ့ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မကြာခဏဆိုသလို တွေ့ဆုံမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အပစ်ရပ်ထားတဲ့ တိုင်းစစ်ဌာနချုပ် ၅ ခုမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က စည်းကမ်းဖောက်ဖျက်မှုတွေကိုလည်း တပ်မတော်ဘက်က ရှင်းလင်းတင်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024