ဘူးသီးတောင်တွင် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
March 22, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ မနေ့ညက ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅ ဦး ကျည်ထိမှန်သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စည်တောင်ဆရာတော် ဦးစာရဏက မိန့်ပါတယ်။
“စည်တောင် ကျေးရွာကို တပ်အင်အား ၁၅၀ လောက် မတ်လ ၂၁ ရက်နေ့ နေလယ် ၂ နာရီလောက်မှာ ရောက်လာကြတယ်။ ည ၉ နာရီလောက်မှာ စပြီး ပေါက်ကွဲတယ်။ ဗုံးသီးတွေ ပေါက်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ပေါက်သံကြားတယ်။ သူတို့က ရွာကို ၀ိုင်းပစ်တာဖြစ်တယ်။ ဦးဇင်းတို့ မနက်ပိုင်း သွားကြည့်တော ဗုံးခိုကျင်းတခုမှာ အမျိုးသား ၃ ဦးရယ်၊ အမျိုးသမီး ၁ ဦး သေဆုံးနေတာ တွေတယ်။ နောက် နေအိမ်တလုံးမှာ အမျိုးသမီး ၁ ဦး သေဆုံးနေတာတွေ့တယ်။ နောက် ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး သူတို့ကို စေတီတောင် ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိပါတယ်။ အပြန်အလှန်ပစ်ခတ်တာက မရှိဘူး၊ တပ်ဘက်က ကျတာ နဲ့ ဒဏ်ရာရတာလည်း မရှိဘူး၊ တွေ့လည်း မတွေ့ဘူး။ ရွာသားတွေ သေတာ ဒဏ်ရာရတာပဲ ဦးဇင်းတို့ တွေရတယ်” လို့ မိန့်ပါတယ်။
ပစ်ခတ်မှုတွေကြောင့် ရွာသားတွေ အားလုံးနီးပါး နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြပြီး ဒီနေ့ ၂၂ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်ကလည်း ပစ်ခတ်သံတွေ ကြိုးကြားကြိုးကြား ကြားနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
လက်ရှိမှာတော့ ရွာမှာ တပ်က နေရာယူထားပြီး မနေ့က ပစ်ခတ်တာ ညအချိန်ဖြစ်တာကြောင့် ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အတိအကျမျက်မြင်ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး ၀င်းဇော်ဦးကတော့ မနေညက တပ်မတော်က စည်တောင်နဲ့ စပါးထား နယ်မြေတ၀ိုက်မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာကနေ အေအေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာလို့ ပြောပါတယ်။
“ရှင်းလင်းရေးလုပ်တဲ့အခါမှာ လုံခြုံရေးတပ်ဖွဲဝင်တွေကို စည်တောင်ကျေးရွာတ၀ိုက်က ၅ နေရာကနေ ပစ်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ စည်တောင်ဘက်က အများဆုံးပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိတယ်။ သောင်းကျန်းသူတွေက ရွာထဲက ခံပစ်တဲ့အတွက်ကြောင့် သောင်ကျန်းသူတွေ နေရာယူထားတဲ့ ရွာတွင်းဘက်ကို အပြန်အလှန်ပစ်ခတ်တာတွေရှိတယ်။ သေဆုံးတာ ဒဏ်ရာရတာက ကျနော်တို့ကြောင့်လား၊ အေအေကြောင့်လားဆိုတာ အတိအကျမသိဘူး။ အေအေပစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ တိုက်ပွဲဖြစ်တဲ့ နယ်မြေထဲမှာ ပါနေတော့ ဘယ်သူပစ်လို့ ဖြစ်တာဆိုတာ ကျနော်တို့မသိနိုင်ဘူး။”
ရက္ခိုင့်တပ်မတော် ပြောခွင့်ရ ခိုင်သုခ "ကျနော်တို့ဘက်က တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိပါဘူး။ ဗမာတပ်မတော်ဘက်က ရွာသားတွေကို တမင်သက်သက်ဝင်ပြီး ပစ်ခတ်သွားတာဖြစ်တယ်။ မြောက်ဦးမှာလည်း အရပ်သားတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ လက်နက်ငယ်တွေနဲ့ ပစ်တာတွေရှိတယ်။ ရခိုင်တပ်မတော်အနေနဲ့ အောက်တန်းကျတဲ့ အလုပ်ကို လုံးဝမလုပ်ဘူး” လို့ ပြောပါတယ်။
ဘူသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၅၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။