Home
မြန်မာသတင်း
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်း
DVB
·
March 15, 2019
Rakhine committee
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေဖို့ ဖန်တီးလှုံ့ဆော်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့နဲ့ ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို နိုင်ငံတော်သမ္မတက မတ်လ ၁၄ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်မှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ဒုဥက္ကဋ္ဌ (၁)၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒုဥက္ကဋ္ဌ (၂) နဲ့ အတွင်းရေးမှူးတဦးတို့ တာဝန်ယူမှာ ဖြစ်ပါတယ်။ ကော်မတီအနေနဲ့  ရခိုင်ပြည်နယ်ကို ကွင်းဆင်းလေ့လာတာ၊ တွေ့သင့်တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံတာ၊ အစိုးရရဲ့ မူဝါဒတွေကို ရှင်းလင်းတာ၊ လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူဆောင်ရွက်ပြီး ရေတို ရေရှည် ဆောင်ရွက်သင့်တာတွေကို အကြံပြုတင်ပြရမှာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပြည်သူတွေအကြား စေ့စပ်ညှိနှိုင်းပေးဖို့နဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ သဟဇာတရှိရေးအတွက် စီမံကိန်းတွေ၊ ရှေ့ပြေးလုပ်ငန်းစဉ်တွေ၊ ဆွေးနွေးပွဲတွေလုပ်ဖို့ သမ္မတရုံးကို တင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမှာပါ။ ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို လစဉ်ပုံမှန်နဲ့ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်ရင် သမ္မတရုံးထံ တင်ပြရမှာဖြစ်ပြီး ကော်မတီအနေနဲ့ လိုအပ်တဲ့ လုပ်ငန်းကော်မတီတွေနဲ့ အကြံပေးတွေ ခန့်အပ်တာဝန်ပေးနိုင်သလို အထောက်အကူပြု ရုံးအဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကော်မတီရဲ့ အသုံးစရိတ်တွေကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ကျခံဆောင်ရွက်ပေးမယ်လို့ မတ်လ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံး အမိန့်စာမှာ ဖော်ပြပါတယ်။ ကော်မတီအဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီး ဦးတင်မြင့်၊ ဒုရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီးဟောင်း ဦးညီလှငယ်၊ ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးမောင်မောင်အုန်းနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး စုစုပေါင်း (၁၄) ဦးနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရဲလုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်တို့) တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ တိုးလာနေချိန်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို သမ္မတဦးဝင်းမြင့်က ဖွဲ့စည်း တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013