မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့် နုတ်ထွက်ရန် ပြင်ဆင်
DVB
·
March 1, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးခံရပြီးနောက် ကျန်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ လောက်က ရာထူးတာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေ ပါတယ်။
မြောက်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနဲ့ အရပ်သား ၁ ဦး ဖမ်းဆီးခံရပြီးနောက် ကျန်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း စိုးရိမ်စိတ် တွေနဲ့ နုတ်ထွက်ဖို့ ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။
တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က "မနေ့က ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လပတ်အစည်းအဝေးလုပ်နေတုန်း မြို့နယ် အုပ်ချုပ်ရေးမှူးတောင် ရောက်သေးဘဲ ရဲတပ်ဖွဲ့က နာမည်ခေါ်ပြီး လာရောက်ဖမ်းဆီးသွားတာပါ။ ရဲ မြို့နယ်မှူးက လာပြီး ကျေးရွာအုပ်ချပ်ရေးမှူး ၄ ဦးကို ရဲစခန်းကို ခေါ်သွားကာ တခါတည်းတန်းပြီး အချုပ်ထဲကို ထည့်လိုက်တာပါပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုတောင် ခွင့်ပြုချက်မယူပဲ ဒီလိုဖမ်းသွားတာက ကျနော်တို့ ကျေးရွာအုပ်ချပ်ရေးမှူးတွေက အထင်အမြင်သေးခံနေရသလို ခံစားမိတယ်”လို့ ပြောပါတယ်။
တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်ပွဲတွေကြားမှာ ကျေးရွာအုပ်ချုပ်ရေး မှူးတွေ ကြားညပ်နေပြီး အကာအကွယ်မဲ့ လုံခြုံမှုမရှိတော့လို့ စုပေါင်းနုတ် ထွက်ကြဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။
“အပြစ်ရှိလား၊ မရှိဘူးလား၊ သေချာစစ်ဆေးပြီးမှ အပြစ်ရှိရင် ဖမ်းပေါ့။ ဥပဒေအရ ဖမ်းရင်လက်ခံနိုင်ပါတယ်။ အခုက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြက်ခြံထဲ လှောင်ထားပြီး ဆွဲခေါ်ချင်တဲ့ အချိန်ခေါ်သွားသလိုမျိုးကို လက်မခံပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ကြားညှပ်နေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဟိုဘက်ကလည်း အမြင်မကြည်၊ ဒီဘက်ကလည်းအမြင်မကြည်ပါ။ အကာအကွယ်လုံခြုံမှု လုံးဝမရှိတောတဲ့အတွက် အခုလို နုတ်ထွက်ဖို့ စီစဉ်ကြတာပါ။ ဒီနေ့ ကျေးရွာအုပ်ချုပ်ရေးမှူး အားလုံးအစည်းအဝေးပြုလုပ်ပြီး ၈၉ ဦး နှုတ်ထွက်သွားမှာပါ"လို့ပြောပါတယ်။
ဒီကိစ္စ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၀၃ အုပ်စုရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ပေါင်း ၁၀၃ ယောက် ရှိပါတယ်။