အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် မြောက်ဥက္ကလာပ (ဂ) ရပ်ကွက်နေပြည်သူများ တောင်းဆို
DVB
·
December 24, 2018
ရပ်ကွက်အတွင်း အဂတိလိုက်စားမှု ကျော်ဇောသတင်းထွက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ပြစ်မှုထင်ရှားပေမယ့် အရေးမယူတာကြောင့် ရန်ကုန် မြောက်ဥက္ကလာပ (ဂ) ရပ်ကွက်နေ ပြည်သူတွေက မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြောက်ဥက္ကလာပ ( ဂ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို မလျော်ညီတဲ့ ကိစ္စအထွေထွေကြောင့် ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာကို တိုင်စာတွေ ပေးပို့ခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးကို လက်မှတ်ထိုးခိုင်းတာကလွဲပြီး တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတာကြောင့် ခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်တိုင်ကြားသူတဦးက ပြောပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ရပ်ကွက်နေပြည်သူတွေက မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လို့မှ ထူးခြားမှုမရှိရင် သမ္မတထံ တိုင်ကြားစာ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
တိုင်ကြားချက်နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အရေးယူပေးခြင်း မရှိတာဟာ တိုင်ကြားတဲ့သူတွေအနေနဲ့လည်း လုံခြုံမှုမရှိလို့ တစုံတရာဖြစ်လာရင် ဘယ်သူမှ တိုင်ကြားရဲမှာ မဟုတ်တော့ဘူးလို့ မြောက်ဥက္ကလာ (ဂ) ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။