ကျွန်းစုမြို့နယ်တွင် တပ်မတော်ရေယာဉ်တစီး မီးလောင်
DVB
·
February 22, 2019
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာမှာ ဆိုက်ကပ်ထားတဲ့ တပ်မတော်ရေယာဉ်တစီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်လီမိတက် ငါးတင်/ချ ဆောင်ရွက်နေတဲ့ တံတားမှာ စက်ချွတ်ယွင်းနေလို့ ပြင်ဆင်နေတဲ့ တပ်မတော်ရေယာဉ် ၄၁၃ သင်္ဘောကို ဝရိန်ဆော်တဲ့အချိန်မှာ မီးပွားလွှင့်စင်ပြီး သင်္ဘောဝမ်းပိုက်တွင်းကျကာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
"ရေယာဉ်က အင်ဂျင်ပိုင်းကို အကြီးစားပြင်ဆင်ဖို့အတွက် ပြည့်ဖြိုးထွန်းတံတားမှာဆိုက်ကပ်ပြီး ပြုပြင်နေချိန်မှာပဲ ခုလိုဖြစ်သွားတယ်" လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ဒေသခံရေလုပ်သားတွေ ဝိုင်းဝန်းငြိမ်းသတ်တာကြောင့် မနက် ၁၀ နာရီ ၁၅ လောက်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)