ကမာဝက်မြို့တွင် မိမိကိုယ်ကိုယ် မီးရှို့ရာက လူ ၁ ဦးသေဆုံး၊ အိမ် ၅ လုံး မီးလောင်
DVB
·
February 8, 2019
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲလောက်က အိမ် ၅ လုံးမီးလောင်ပြီး လူတဦးသေဆုံးခဲ့တယ်လို့ မုဒုံမြို့နယ် မီးသတ်တပ်ဖွဲ့ကပြောပါတယ်။
ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်မှာ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးက ကိုယ်ကိုယ်ကိုယ် မီးရှို့ရာက သူရဲ့နေအိမ်အပါအ၀င် နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တာလို့ မုဒုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက ပြောပါတယ်။
“စိတ်မနှံ့တဲ့သူက သူ့ကိုယ်သူ မီးရှို့ရာကနေ အိမ်ကိုမီးစွဲပြီးတော့ မီးလောင်သွားတယ်။ အဲဒီအိမ်ကနေတဆင့် တခြားအိမ်တွေပါ မီးကူးစက်ပြီးတော့ စုစုပေါင်းအိမ် ၅ လုံးဆုံးရှုံးသွားတယ်”
မီးလောင်မှုကို မုဒုံမြို့နယ် မီးသတ်တပ်ဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေက မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီမှာ မီးထိန်းနိုင်ပြီး ၁၂ နာရီ မိနစ် ၂၀ မှာ မီးလုံးဝ ငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ငွေကျပ် ၂၈ သိန်း ကျော် ဆုံးရှုံးခဲ့ပြီး သေဆုံးသူ ၀င်းဇော်ဦးကို ရှို့မီး ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ ကမာဝက်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
မနေ့ကလည်း မုဒုံမြို့မှာ ရာဘာမှိုင်းခံရုံ ၈ ရုံ မီးလောင်ခဲ့လို့ ကျပ် ၁၈၄ သိန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။
သတင်း-အာကာမင်း
ဓာတ်ပုံ-မုဒုံမြို့နယ်မီးသတ်တပ်ဖွဲ့