ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်ပွား
DVB
·
February 3, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ရေပုတ်၊ ကျောက်ရန်ကျေးရွာအနီးမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
“ဒီနေ့ မနက် ၈ နာရီကျော် လောက်ကတည်းက ကျောက်တန်းကျေးရွာနဲ့ ရေပုတ်ကျေးရွာ ကြားမှာ လက်နက်ကြီးအသံတွေ ကြားနေရတာပါ။ မနက် ၁၀ နာရီလောက်ထိ ကြားနေရပါတယ်။ ကျောက်တန်း၊ ရေပုတ်၊ ကျောက်ရန် စတဲ့ ကျေးရွာသူရွာသား တချို့ကတော နီးစပ်ရာ ဆွေမျိုးရှိရာ ကျေးရွာတွေကို ထွက်ပြေးသွားကြပါပြီ။ ကျန်တဲ့ ရွာသူရွာသားတွေကတော့ သမီးလှကျေးရွာမှာလို တပ်မတော်က နေအိမ်တွေကို ၀င်ရောက်ရှာဖွေမှာကို စိုးရိမ်နေကြပါတယ်” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
ကျောက်တန်းကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရေပုတ်ကျေးရွာ မှာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၁၈၀၀ လောက်နဲ့ ကျော်ရံကျေးရွာမှာ အိမ်ခြေ ၂၀၀ လောက်နဲ့ လူဦးရေ ၁၅၀၀ ကျော် ရှိကြောင်း သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရသေ့တောင်မြို့နယ်သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အတွက် ရွာသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာလည်း နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့ပြီး သေဆုံးသွား ခဲ့ရပါတယ်။
ဗညား