ရသေ့တောင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်၊ ဒေသခံများထွက်ပြေးနေရ
DVB
·
January 30, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ)တို့ ဇန်န၀ါရီ ၂၈ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။
အုန်းချောင်းကျေးရွာ လူကြီးတဦးက “အုန်းချောင်း ကျေးရွာနဲ့ အနီးဆုံးပါ၊ တောင်ဦးဖက်မှာ ဖြစ်တာပါ။ တိုက်ပွဲဖြစ်တာနဲ့ ကျေးရွာသူ/သား အားလုံးကတော့ ဇီခေါင်း၊ ပုနန်း၊ ခရုချောင်း၊ တောင်မို စတဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေကို ထွက်ပြေးသွားကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာတော့ နေအိမ်တွေကို ၀င်ရောက်ရှာဖွေတာတွေ ရှိပါတယ်။ ကျွဲတွေ နွားတွေကတော့ မနေ့ကတည်းက လွှတ်ထားတာ ဘယ်ရောက်သွားလဲ့ မသိပါဘူး။ စစ်တပ်က ထွက်သွားမှ ပြန်ရှာဖွေရမှာပါ။ ဇန်န၀ါရီ ၂၉ မနက်က စပြီး စစ်တပ်ကတော အခု သမီးလှကျေးရွာဘက်ကို ထွက်သွားနေကြပါပြီ။ ရွာသူရွာသားတွေကတော့ ဘယ်သူမှ ပြန်မလာကြသေးပါဘူး။ ကျန်ခဲ့တဲ့ ကျေးရွာသား ၁၁ ဦးကိုတော တပ်နဲ့ နယ်ခြားစောင့်က ခေါ်ယူလက်မှတ်ထိုးခိုင်းပါတယ်”လို့ ပြောပါတယ်။
အုန်းချောင်းကျေးရွာမှာ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုမရှိပေမယ့် အုန်းချောင်းရွာထဲမှာ လက်နက်ကြီးကျည် ထိမှန်တာတွေကြောင့် လူနေအိမ်တချို့နဲ့ ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံလည်း ပျက်စီးသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ ဇန်န၀ါရီလ ၂၆ ရက်နေ့ ကစပြီး ရခိုင့်တပ်မတော် (အေအေ)နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
သတင်း- ဗညား