ပြည်ခရိုင် ဧရာဝတီမြစ်ထဲ တွဲသင်္ဘောတစီး မီးလောင်နစ်မြုပ်၊ လူ ၂ ဦးဒဏ်ရာရ
DVB
·
February 1, 2019
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်တွေတင်ပြီး ရပ်ထားတဲ့ တွဲသင်္ဘောကြီးတစီး ၀မ်းဗိုက်ပေါက်တာကို ဓာတ်ငွေ့နဲ့ ဂဟေဆက်ရင်းနဲ့ သင်္ဘော တခုလုံး မီးလောင်ပေါက်ကွဲပြီး ရေထဲနစ်မြုပ်သွားတယ်လို့ ပြည်ခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။
Lucky Star 2 လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီလောက်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတဲ့အထဲ ၂ ယောက် ဒဏ်ရာရခဲ့လို့ ဆေးရုံပို့ဆောင်ထားရပါတယ်။
မျက်မြင်တွေ့ခဲ့ရသူ ပြည်မြို့နယ် သဲဖြူကျေးရွာသား ဦးဝမ်းမောင်က “တွဲသင်္ဘောကြီးကိုတွန်းတဲ့ နောက်တွဲသင်္ဘောကြီးလောင်တာ ပြည်မြို့နယ်၊ ဇလုံရွာရဲ့ ဘေးကမြစ်ထဲမှာ ပေါက်ကွဲပြီးတော့လောင်တာ၊ နေ့လယ် ၁ နာရီလောက်အထိ လောင်နေပြီး နေ့လယ် ၁ နာရီကျော်လောက်မှာ နောက်တွဲကြီးတခုလုံး ရေထဲကို နစ်မြုပ်သွားတယ်။ ရှေ့ကကျောက်တင်တဲ့ တွဲကြီးကတော့ ရေပေါ်မှာ ကျန်နေခဲ့တာ” လို့ ပြောပါတယ်။
ဒီမီးလောင်မှုကို ပြည်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပန်းတောင်းမီးသတ်တပ်ဖွဲ့တွေက သွားရောက်ကူညီခဲ့ကြပြီး မီးလောင်မှု ဖြစ်ပွားပုံအသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ တွက်ချက်မပြီးသေးဘူးလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မင်းညို