ဖျာပုံမြို့နယ် စန္ဒာမင်းစိုး ဘော်ဒါဆောင် မီးလောင်
DVB
·
February 1, 2019
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမှတ် ၇ ရပ်ကွက် မေဒါဝီလမ်းက ဘော်ဒါဆောင်တခုမှာ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်အချိန်လောက်က မီးလောင်ခဲ့ပါတယ်။
မေဒါဝီလမ်း အိမ်အမှတ် ၇၂ နေ ဦးမောင်မောင်သန်း ပိုင်ဆိုင်ပြီး ညီဖြစ်သူ ဦးလှခိုင် ဦးစီးလုပ်ကိုင်နေတဲ့ စန္ဒာမင်းစိုး (၉/၁၀) တန်း ဘော်ဒါဆောင် အိမ်အပေါ်ထပ်မှာ တပ်ဆင်ထားတဲ့ ပလပ်ခုံမှတဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ခဲ့တာလို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
သွပ်မိုး ၂ ထပ် အဆောင် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ပြည်သူ ၁၅၀ လောက်က မီးသတ်ယာဉ် ၁ စီး၊ အုပ်ချုပ်ယာဉ် ၁ စီး၊ အပေါ့စား ရေစုပ်စက်တို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် စုစုပေါင်း ကျပ် ၈၁ သိန်းကျပ်ဖိုး ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုအရ သိရပါတယ်။
အဆိုပါ ဘော်ဒါဆောင်မှာ ၉/၁၀ တန်းကျောင်းသားကျောင်းသူ စုစုပေါင်း ၃၉ ဦးတို့ အဆောင်နေ ပညာသင်ကြားနေကြပါတယ်။ မီးလောင်မှုကြောင့် ကျောင်းသုံးစာအုပ်တွေ မီးလောင်ဆုံးရှုံးသွားပေမယ့် လူတွေတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။
ဖျာပုံမြို့မရဲစခန်းက ဦးမောင်မောင်သန်းအား မီးပေါ့ဆမှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကျော်စိုးမိုး