Homeမြန်မာသတင်း
တိုင်းအစိုးရက ဆောက်လုပ်ခွင့်မပြုသည့်ကြားမှ ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်ရိုက်
တိုင်းအစိုးရက ဆောက်လုပ်ခွင့်မပြုသည့်ကြားမှ ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်ရိုက်
DVB
·
January 26, 2019
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာက မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) တည်ဆောက်မယ့်ကိစ္စကို မန္တလေးတိုင်း ဒေသကြီး အစိုးရက ခွင့်မပြုဘဲ တားမြစ်ခဲ့ပေမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မနက်က ကျောင်းဆောက်ဖို့ အတွက် ပန္နက်ရိုက်မင်္ဂလာကို ကျင်းပခဲ့ပါတယ်။
မဟော်သဓာ အမျိုးသားရေ ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်ဖို့အတွက် ပန္နပ်ရိုက်မင်္ဂလာကို အမျိုးသားရေးဆရာတော် ဦးဝီရသူအပါအဝင် ဆရာတော်သံဃာတော်တွေ တက်ရောက်ခဲ့ကြပြီး ပရိတ်ရွတ်ဖတ်ကာ ငါးပါးသီလပေးပြီး အမျှဝေသာဓုခေါ်ဆိုခဲ့ကြပါတယ်။
ကျောင်းတည်ဆောက်ဖို့အတွက် ပန္နက်ရိုက်မင်္ဂလာမကျင်းပခင် ဇန်နဝါရီ ၂၅ ရက်နေ့ည ၁၁ နာရီကျော်က တားမြစ်စာပို့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးနဲ့ တာဝန်ရှိသူတွေ လာရောက် တားမြစ်ခဲ့တယ်လို့ ဆရာတော် ဦးဝီရသူက ပြောပါတယ်။
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ၈ ဧကနီးပါး ကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ဆောက် သွားမှာဖြစ်ပြီး လက်ရှိမှာ အုတ်တံတိုင်းမုခ်ဦးနဲ့ အဝီစိတွင်းတို့ကိုသာ ပြီးစီးထားပေမယ့် မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားဖို့ စာထုတ်ထားခဲ့ပါတယ်။
စာသင်ကြားရာမှာ နိုင်ငံတော်က အစိုးရကပြဋ္ဌာန်းထားတဲ့ စာတွေကိုသာ သင်ကြားသွားမှာဖြစ်ပြီး လက်ရှိမှာလည်း နဝမတန်း၊ ဒဿမတန်း ကျောင်းသား/သူ စုစုပေါင်း ၁၅၀ ကျော်ကို သင်ကြားပေးနေပါတယ်။ ပညာသင်ကြား စရိတ်အဖြစ် ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမ အယောက် ၃၀ အပါအဝင် တလကို ကျပ်သိန်း ၃၀ ကျော်ကုန်ကျစရိတ် ရှိပါတယ်။
အခုဆောက်လုပ်မယ့် မဟော်သဓာအမျိုးသားရေးကျောင်းကို လေးထပ်ကျောင်းဆောင် ဆောက်လုပ်မှာဖြစ်ပြီး ကျပ်သိန်း ၄၀၀၀ ကျော်အကုန်ကျခံ ဆောက်လုပ်မှာလည်းဖြစ်ပါတယ်။
မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက် တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (တောင်ကုတ်) ကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။