မြိတ်တွင် ကျပ်သိန်း ၄,၂၆ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သောင်းကျော် ဖမ်းမိ
DVB
·
January 19, 2019
မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ ၃ ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက်၊ ၇ နာရီခွဲလောက်က ကျပ်သိန်း ၄,၂၆ဝ တန်ဖိုးရှိ WY မူးယစ်ဆေးပြား ၈ သောင်းကျော် ဖမ်းမိကြောင်း မြို့မရဲစခန်းက ပြောပါတယ်။
မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ ဒုရဲအုပ်ကျော်ဆန်းဦးအဖွဲ့နဲ့ မှုခင်းအကူရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ၀င်းထွန်းနိုင်အဖွဲ့ ပူးပေါင်းပြီး မြို့နယ်မှူးထုတ်ပေးတဲ့ ဖမ်းဝရမ်းအမှတ် (၆/၂ဝ၁၉) နဲ့ ဇေယျာသီရိ ၃ ရပ်ကွက်၊ ခေမာလမ်းမှာနေထိုင်တဲ့ နီလာအေး ၂၈ နှစ်ရဲ့ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၅,၂ဝဝ ဖမ်းဆီးမိခဲ့တာပါ။
နီလာအေးရဲ့ အိမ်အနီးနေထိုင်တဲ့ ဇော်လွင်ရဲ့ နေအိမ်ကိုလည်း သတင်းအရ ရှာဖွေရာ WY မူးယစ်ဆေးပြား ၅ သောင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ဇနီးတင်မိုးဖြူနဲ့အတူ ရောင်းချနေကြောင်း သိရတာလို့ ဇန်နဝါရီ ၁၉ ရက်၊ မနက်ပိုင်းက သွားရောက်ဖမ်းဆီးရာ WY မူးယစ်ဆေးပြား ၃ သောင်း၊ ငွေ ၂ သိန်းနဲ့ ရွှေထည်အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲအုပ်ကျော်ဆန်းဦးက ပြောပါတယ်။
“သူတို့ ၃ ဦးပေါင်းပြီးရောင်းတယ်။ ဆေးပြားတွေလည်း ကျန်သေးတယ်ဆိုလို့ ဒီနေ့မနက်မှာသွားဖမ်းတော့ တင်မိုးဖြူနဲ့အတူ WYမူးယစ်ဆေး ၃ သောင်းထပ်မိပါတယ်။သူ တို့ ၃ ယောက်ပေါင်း ဆေးပြား ၈၅,၂ဝဝ မိတယ်။ ဒေသပေါက်ဈေးနဲ့ ကျပ်သိန်းပေါင်း ၄,၂၆ဝ ရှိတယ်"လို့ ဒုရဲအုပ်ကျော်ဆန်းဦးကပြောပါတယ်။
မူးယစ်ဆေး လက်ဝယ်ထားပြီး ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ မနီလာအေး၊ ကိုဇော်လွင်နဲ့ မတင်မိုးဖြူတို့ကို မြိတ်မြို့မ ရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉ (က) နဲ့ အရေးယူထားကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)