မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် လုပ်ငန်း ၉ ခု ခွင့်ပြု
DVB
·
January 12, 2019
မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၂၂၇ ဦး ဖန်တီးပေးနိုင်မယ့် လုပ်ငန်း ၉ ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁/၂ဝ၁၉) ကြိမ်မြောက် အစည်းအဝေးက ခွင့်ပြုခဲ့တာလို့ နိုင်ငံပိုင်းသတင်းမှာ ဖော်ပြပါတယ်။
ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေထဲမှာ အသားထုပ်ပိုးတဲ့လုပ်ငန်း၊ ဆန်နဲ့ဆန် ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးတဲ့လုပ်ငန်း၊ တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ် ရောင်းချတဲ့လုပ်ငန်း၊ CMP စနစ်နဲ့ အထည်ထုတ်လုပ်တဲ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ လုပ်ငန်း၊ LPG တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်း၊ ကုန်လှောင်ရုံနဲ့ ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်းနဲ့ မော်တော်ယာဉ် စက်ပြင်သင်တန်း ကျောင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ (၁/၂ဝ၁၉) ကြိမ်မြောက် အစည်းအဝေးကို ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နဲ့ အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။