Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ် အချုပ်ခန်းတွင်း ခိုက်ရန်ဖြစ်သေဆုံးမှု စုံစမ်းစစ်ဆေးမည်ဟု ရဲမှူးပြော
DVB
·
January 5, 2019
pgtc
မန္တလေးတိုင်း​ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်​ မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၆ နှစ်အရွယ် လူငယ်တဦး အချုပ်ခန်းအတွင်း ခိုက်ရန်ဖြစ်သေဆုံးမှုနဲ့ ပတ်သက်လို့ စုခုံ စစ်ဆေးသွားမယ်လို့ ရဲမှူးက ပြောပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့ မနက်​ ၁ နာရီ​ကျော်​က မူးဆူမှု​ကြောင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကိုအောင်အောင်သက်ဟာ အချုပ်ခန်းအတွင်း အခြားအချုပ်သား ၄ ဦးနဲ့ ခိုက်ရန်ဖြစ်ပွားရာမှာ သေဆုံးခဲ့တာပါ။ အခုလို အချုပ်ခန်းအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့မှုနဲ့ပတ်သက်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က “ဒီကိစ္စကို ဒုတိယရဲမှူးကြီး ခေါင်းဆောင်တဲ့အဖွဲ့က ဒီနေ့မှာပဲ စုံခုံစစ်ဆေးမှာပါ။ သူနဲ့ ရန်ဖြစ်တဲ့သူတွေကိုလည်း အမှုဖွင့်ထားပါတယ်။ ရန်ဖြစ်အပြီးမှာ သူ့ကို အချုပ်ထဲကနေ ထုတ်ထားလိုက်​ပါတယ်​” လို့ ​ပြောပါတယ်​။ သေဆုံးသွားသူရဲ့ အစ်ကိုဖြစ်သူ​ ဦးကိုကိုသက်​က “CTV ထဲမှာလည်း တွေ့ရတာက သေနိုင်လောက်တဲ့ အခြေအနေမဟုတ်ဘူး၊ နောက်ပြီး သူ့လက်မှာ တုတ်နဲ့ ရိုက်ခံရလို့ ရတဲ့ ဒဏ်ရာတွေနဲ့ ခေါင်းမှာ ရဲတွေကိုင်တဲ့ တုတ်နဲ့ ရိုက်ခံထားရတယ်လို့ ယူဆရတဲ့ သုံးလက်မအရွယ် ဖူးရောင်ဒဏ်ရာ တွေ့ရတယ်။ သူနဲ့ ရန်ဖြစ်တဲ့သူတွေကြောင့် သေတယ်ဆိုတာထက် ရဲတပ်ဖွဲ့ကြောင့် သေတယ်လို့ထင်တယ်။ နောက်ပြီး ရဲတပ်ဖွဲ့က အဝတ်အစားမပါတဲ့ အချုပ်သားတွေကို ဒီအတိုင်းပစ်ထားတယ်” လို့ ပြောပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့မနက်ပိုင်း စခန်းရောက်တဲ့အချိန်မှာ ညီဖြစ်သူဟာ အေးစက်နေပြီလို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ “ရပ်ကွက်ထဲက ဆေးခန်းပို့တော့ ဆေးရုံ အမြန်တင်မှ ရမယ်ဆိုပြီးပြောတယ်။ ဒါနဲ့ အရေးပေါ် ကုတင် ၃၀၀ ဆေးရုံကိုပို့တယ်။ ကုတင် ၃၀၀ ကနေ ခေါင်းမှာ ဦးနှောက်သွေးခဲနေတယ်။ အတော်လေး အခြေအနေဆိုးတဲ့အတွက် ဆေးရုံကြီး ဦးနှောက်နဲ့ အာရုဏ်ကြောဌာနကို ဆက်လွှဲတယ်။ နှလုံးပဲ ခုန်တော့တာ​လေ၊ အသက်မရှူတော့ဘူး။ ပိုက်တပ်ပြီး အသက်ရှူအောင် လုပ်ပေးနေရတယ်။ ဇန်နဝါရီ ၃ ရက်နေ့ မနက်​ပိုင်းက သေတာလို့ ဦးကိုကိုသက်က ဆိုပါတယ်။ အသတ်ခံခဲ့ရတဲ့ ကိုအောင်အောင်သက်ဟာ ခေါင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဦးနှောက်သွေးခဲပြီး သေဆုံးသွားတာလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဦးနှောက်နဲ့အာရုဏ်ကြောဌာနက ဆရာဝန်ကြီးတွေက သုံးသပ်​​ပြောဆိုပါတယ်။ ကိုအောင်အောင်သက်နဲ့ ရန်ဖြစ်ခဲ့ကြတဲ့ အချုပ်သား မင်းသူ၊ ခိုင်လင်း ဇော်လှိုင်နဲ့ သူရကျော်တို့ လေးဦးတို့ကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013