Home
မြန်မာသတင်း
သထုံတွင် အကျဉ်းထောင်အသစ်တခု ထပ်မံဆောက်လုပ်မည်
DVB
·
December 22, 2018
jail
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာမှာ အကျဉ်းထောင်သစ်တခုကို လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်ဆောက်လုပ်သွားမယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနက ပြောပါတယ်။ မွန်ပြည်နယ်က အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ကြပ်တည်းလာတဲ့အတွက် သထုံခရိုင် နဲ့ မော်လမြိုင်ခရိုင်မှာ အကျဉ်းထောင်အသစ်တွေ ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိ မော်လမြိုင်ခရိုင်မှာ ကျိုက်မရောအကျဉ်းထောင်သစ်ဟာ ၉၀ ရာခိုင်နှုန်း ပြီးစီးထားပြီးဖြစ်သလို သထုံအကျဉ်းထောင်သစ်ကိုလည်း လာမယ့်နှစ်မှာ စတင်ဆောက်လုပ်သွားမယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြောပါတယ်။ “နိုင်ငံတော်ကပေးတဲ့ ဘတ်ဂျက်နဲ့ အခုတော့ တင်ဒါတွေခေါ်နေပြီ။ သထုံ၊ ဈေးမသွယ်ကျေးရွာမှာ ထောင်သစ်တခုဆောက်ဖို့စီစဉ်နေပြီ။ လုပ်ငန်းတော့ မစရသေးဘူး။ သထုံထောင်က ကျဉ်းတဲ့အခါကျတော့ နိုင်ငံတော်ကနေ ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ ထဲမှာ လုပ်ငန်းစမယ်။ အကျဉ်းသား ၅၀၀ သို့မဟုတ် ၇၀၀ ဆံ့ ပေ ၅၀၀ ပတ်လည် (ခ) အဆင့်အကျဉ်းထောင်ပါ။” မွန်ပြည်နယ်က အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေထဲကမှ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၅ ပုံ ၁ ပုံပိုများပြီး မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေသူ ၅၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ဦးလင်းဗိုလ်နောင်က ပြောပါတယ်။ လက်ရှိမွန်ပြည်နယ်မှာ အကျဉ်းသား ၁၀၀၀ ဆံ့ (က) အဆင့်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) နဲ့ အကျဉ်းသား ၅၀၀ ဆံ့ (ခ) အဆင့်ရှိ သထုံအကျဉ်းထောင် ၂ ခု ရှိပြီး ဆောက်လုပ်ပြီးစီးတော့မယ့် အကျဉ်းသား ၁၀၀၀ ဆံ့ ကျိုက်မရောအကျဉ်းထောင်သစ်နဲ့ လာမယ့်နှစ်မှာ ဆောက်လုပ်မယ့် သထုံအကျဉ်းထောင်သစ်တခု စုစုပေါင်း အကျဉ်းထောင် ၅ ခု အထိ ရှိလာမယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ အာကာမင်း ဓာတ်ပုံအညွှန်း - မွန်ပြည်နယ်က အကျဉ်းထောင်များ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024