မောင်တောတွင် ၅ တန်းကျောင်းသူတဦး အသတ်ခံရ
DVB
·
December 17, 2018
ရခိုင်ပြည်နယ် မောင်တောမြို့၊ သစ်တောရွာမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က နွားကျောင်းသွားတဲ့ ၁၄ နှစ်အရွယ် ၅ တန်းကျောင်းသူတဦး ပျောက်ဆုံးသွားပြီး အသတ်ခံခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အလောင်းကို သစ်တောရွာနဲ့ နှစ်မိုင်ခွဲလောက် အကွာမှာရှိတဲ့ အခေါင်းပေါက်ချောင်းအနီး ဇိမ်ပင်းချောင်းကြားမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သစ်တောကျေးရွာအုပ်ချုပ်ရေးမှူးက ဦးကျော်ကျော်က ပြောပါတယ်။
"မနေ့က သူမရွာကို ပြန်မရောက်တာ ညမိုးချုပ်မှ ကျနော်တို့ကို မိဘများက လာရောက်အကြောင်းကြားပါတယ်။ မိုးချုပ်သွားပြီဆိုတော နီးစပ်ရာ လောက်ပဲ ရှာဖွေမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁၆ နေ့မှာတော့ ကျေးရွာသားတွေ လိုက်ရှာဖို့ မနက်ကတတည်းက ထွက်သွားကြပါတယ်။ ညနေ ၄ နာရီလောက်မှ ကျနော့်ကို ဖုန်းဆက်အကြောင်းကြားလာပါတယ် အလောင်းတွေ့ပြီလို့။ အခု တရားခံ ဖမ်းဆီးရဖို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။"
အလောင်းလိုက်ရှာစဉ်မှာပါဝင်ခဲ့တဲ့ ကိုသန့်ဇင်က "ဒီကလေးမဟာ တောထဲ့ကို ရောက်သွား ပြီး အသက်မသေဖို့အတွက် မနည်းရှန်းကန်ခဲ့ရတဲ့ ပုံပေါ်ပေါက်နေပါတယ်။ လက်မှာလည်း ပြတ်ရှဒဏ်ရာတွေရှိနေပါတယ်။ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီးမှ အလာင်းကို သယ်ယူလာကြတာပါ” လို့ ပြောပါတယ်။
တရားခံကို အမြန်ဆုံးဖမ်းမိဖို့ ကြိုးစားနေပြီး ပြင်ဖြူစခန်းကနေ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့အမှု ဖွင့်ထားကာ ဆေးစစ်ချက်အပေါ်မူတည်ပြီး ပုဒ်မတွေ တိုးသွားမယ်လို့ ပြင်ဖြူ စခန်းတာဝန်ခံက ပြောပါတယ်။
သစ်တောရွာကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်လောက်ရှိပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။