မောင်တောရှိ ဟိန္ဒူဒုက္ခသည်များကို အိန္ဒိယအမျိုးသမီးရေးရာအသင်းက စောင်များလှူဒါန်း
DVB
·
January 18, 2019
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေအတွက် အိန္ဒိယနိုင်ငံ အမျိုးသမီးရေးရာအသင်းက ခြုံစောင်အထည် ၅၀၀ ပေးအပ်ကူညီ လှူဒါန်းလိုက်ပါတယ်။
အိန္ဒိယကောင်စစ်ဝန် ရာဂျတ်ရှ်ကူမာဟာ မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာနဲ့ ငါးခူရကျေးရွာကို မနေ့က ကိုယ်တိုင်သွားရောက်ပြီး ဟိန္ဒူမိသားစုဝင်တွေအတွက် အိန္ဒိယနိုင်ငံ အမျိုးသမီးရေးရာအသင်းကလှူဒါန်းလိုက်တဲ့ စောင်အထည် ၅၀၀ကို ပေးအပ်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့လယ်ပိုင်းကလည်း အိန္ဒိယကောင်စစ်ဝန်ဟာ မောင်တောမြို့ မြို့မ ကညင်တန်းရပ်ကွက်ရှိ ဟိန္ဒူဒုက္ခသည်စခန်းကို ရောက်ရှိလာပြီး ဟိန္ဒူဒုက္ခသည်မိသားစု ၂၇၈ စုအတွက် စောင်အထည် ၂၇၈ ထည်လှူဒါန်းခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးမောင်လှကပြောပါတယ်။
“ကျနော်တို့ ဒုက္ခသည်စခန်းကို အိန္ဒိယကောင်စစ်ဝန် လာရောက်တာ ဒါပထမဆုံး အကြိမ်ပါ။ မိသားစုတစုကို စောင်တထည်စီ လှူဒါန်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ ဟိန္ဒူဒုက္ခသည်တွေ ကိုယ်စားကျေးဇူးအထူးတင်ကြောင်း ပြောလိုက်ပါတယ်။ အခုလိုဆောင်းရာသီအချိန်မှာ စောင်အပြင် အနွေးထည်လည်း လိုအပ်နေပါတယ်" ပြောပါတယ်။
ဟိန္ဒူဒုက္ခသည်စခန်းက မိသားစုတွေဟာ ၂၀၁၇ သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် မောင်တောမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကနေ ထွက်ပြေးပြီး စစ်တွေမြို့တွင်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြပြီး ၂၀၁၇ မတ်လက မောင်တောမြို့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့လာခဲ့ကြတာပါ။
အခုလက်ရှိ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၇၈ စု၊ လူဦးရေ ကျား ၆၀၂၊ မ ၆၂၃ စုစုပေါင်း ၁၂၀၀ ကျော်နေထိုင်နေပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းတောင်ရွာမှာ မွတ်ဆလင်တွေအတွက် လူနေအိမ် ၆၀နဲ့ မောင်တောမြို့အနီး ရွှေစားကျေးရွာမှာ ဟိန္ဒူတွေအတွက်နေအိမ် ၁၄၈ လုံး၊ မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်ကျေးရွာမှာ ရခိုင်တွေအတွက် နေအိမ် ၄၂လုံး ဆောက်လုပ် လှူဒါန်းထားပါတယ်။