မြန်မာဘက်ကသယ်လာသည့် အိုက်စ်နှင့်ဘိန်းဖြူများ မယ်ဆိုင်တွင် ဖမ်းမိ
DVB
·
December 15, 2018
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မနေ့ညက မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ သယ်လာတဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၃၀၀ ကီလိုဂရမ် နဲ့ ဘိန်းဖြူ ၇၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်လာမယ်ဆိုပြီး သတင်းရထားချက်အရ အမှတ် ၃ ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ မနေ့ညက မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၂ လမ်းခွဲတလျှောက် စောင့်ကြပ်စစ်ဆေးနေခဲ့ကြောင်း၊ ည ၈ နာရီခွဲလောက်အချိန်မှာတော့ ဆန်ဖတ်ဟိရပ်ကွက်အပိုင်းမှာ ကော်ချန့်ဘက်ကနေ မယ်ဆိုင်မြို့ အတွင်းဘက် ဦးတည်မောင်းနှင်လာတဲ့ ငွေရောင်ဖို့ဒ်မော်တော်ကားတစီးကို တားဆီးစစ်ဆေးခဲ့ တာလို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ ကားနောက်ခန်း မြွေရေခွံအိတ်ပေါင်း ၁၉ အိတ်ထဲက အိုက်စ်ရေခဲဆေး ၁၅ ထုတ် (အလေး ချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်) နဲ့ ဘိန်းဖြူ ၄ ထုတ် (အလေးချိန် စုစုပေါင်း ၇၀) ဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ နိုင်းဆုရဖုန်း၊ နိုင်းဝေါ်ရဝေ့ နဲ့ နိုင်းဆစ်ထိဖုန်းတို့ ၃ ဦး က အဆိုပါ မူးယစ်ဆေးတွေကို မယ်ဆိုင်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်းဘက်ပို့ဆောင်ပေးဖို့ မြန်မာဘက်ခြမ်း တာချီလိတ်မှာ နေထိုင်သူ အမည်မသိ တရုတ်အမျိုးသား ၁ ဦးက စေခိုင်းခဲ့တာဖြစ်ကြောင်း၊ သယ်ဆောင်ခ ဘတ် ၁ သန်းခွဲပေးမယ်လို့ သဘောတူထားပြီး ပစ္စည်းတွေ ဟိုရောက်သွားတော့မှ ငွေရမယ်လို့ ၀န်ခံပြောကြားသွားပါတယ်။
ရဲတပ်ဖွဲ့က သူတို့ ၃ ယောက်လုံးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့မှု၊ သယ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူသွားမှာဖြစ်ပြီး ကျန်တဲ့ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတ်ယ။
အခုလို မူးယစ်ဆေးဝါးအချီကြီး ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး အမှတ် ၃ ခရိုင်ဌာနချုပ် ရဲချုပ် ကိုယ်တိုင် လာရောက်ကာ လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းစာရှင်းပွဲ လုပ်မယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။