တိမ်တွေလို မှုန်ဝါးဝါး အနာဂတ်နဲ့ ချင်းပြည်နယ်
DVB
·
December 3, 2018
မကြာသေးခင် ရက်ပိုင်းအတွင်းက ချင်းပြည်နယ်သို့ ခရီးဆန့်ဖြစ်ခဲ့သည်။ နိုဝင်ဘာလအလျောက် ချင်းပြည်နယ်၏ ချမ်းအေးမှုဒဏ်က ယခင်နှစ်များကဲ့သို့ အရမ်းချမ်းမနေဘဲ အချမ်းပေါ့နေတာကို ပထမဦးဆုံး သတိပြုမိလိုက်သည်။ ယခင် ၂၀၁၃ ခုနှစ်နှင့်ပင် မတူတော့။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း တခေါက်ရောက်ဖြစ်သည်။ ချင်းပြည်နယ် တောင်ပေါ်လမ်းတလျှောက် မြူနှင်းတွေက အုံ့ဆိုင်းမည်းမှောင်နေသည်။ ဆိုင်ကယ်ရှေ့မီးတဆုံးပင် မမြင်ရ။ အခုတော့ ကြည်လင်နေသည်။ လမ်းဘေးဝဲယာတလျှောက် သဘာဝတောတွေ ကျဲပါးနေသယောင်။
ချင်းပြည်နယ်တလျှောက် မြို့တော်ကြီးဖြစ်သည့် ဟားခါး အသွားလမ်းများတွင် ချင်းတိုင်းရင်းသားတို့ ဌာနေ ကျေးရွာကလေးများကို အလှမ်းကွာဝေးလှစွာ တစုတစု ဖြတ်ကျော်သွားရသည်။ ချင်းတိုင်းရင်းသားတို့ ရွာလေးများ ဖြတ်ကျော်တိုင်း သတိထားမိတာက အဆိုပါ ကျေးရွာကလေးများတွင် ဆူညံခြင်းမရှိ တိတ်ဆိတ်နေသည်။ ကျေးရွာကလေးများက ဆောင်းတွင်းရာသီအောက်တွင် အအေးဒဏ်အောက် စောင်ကလေးခြုံလို့ ကွေးကွေးလေး အိပ်နေသယောင် တွေ့ရသည်။ အိမ်ကလေးတွေကိုလည်း တောင်စောင်းရှိ ကားလမ်းပေါ်တွင် မေးတင်ကာ ဆောက်ထားကြသည်။ အိမ်ကလေးတွေ မျက်နှာစာက ကားလမ်းပေါ် မေးတင်ထားသော်လည်း အိမ်အနောက်ဘက်အခြမ်းမှာတော့ မြင့်မားလှသည့် ချောက်ကမ်းပါးဆီ ကျားထောက်ထားသလို အိမ်ခြေတံလေးတွေက သစ်လုံးလေးတွေ တလုံးနှင့်တလုံး ခိုင်မာစွာ ဆက်ကာဆက်ကာ ထောက်ထားတာ တွေ့ရသည်။ အိမ်ကလေး မျက်နှာစာ ထုပ်တန်းများတွင် ခရမ်းချည်သီးနှင့် ပြောင်းဖူးအခြောက်များကို တွဲလွဲကလေးများဖြစ်အောင် ချိတ်ဆွဲထားသည်ကား အိမ်တိုင်းလိုလိုပင်။ အိမ်ရှေ့ နေပူစာတွင် ချင်းတိုင်းရင်းသား အိုကြီးအိုမများ ငေးမောစွာ ထိုင်နေတတ်ကြသည်။ တချို့ ပြောင်းဖူးစေ့လေးများ ဝိုင်းဖွဲ့ကာ ချွေနေကြသည်။ တချို့ ထင်းခြောက်သစ်ကိုင်းများကို ခုတ်ဖြတ်နေကြသည်။ တချို့ မောင်းဆုံဖြင့် ဆန်ဖွပ်နေကြသည်။ ၎င်းနောက် လူမမယ် ကလေးငယ်များကိုလည်း အများအားဖြင့် တွေ့မြင်ရပြန်သည်။ ကလေးငယ်လေးများကို အဘွားအို အဘိုးအိုများက ထိန်းကျောင်းနေကြသည်။ ထူးခြားစွာ တွေ့ရှိရသည့် ချင်းတိုင်းရင်းသား ကျေးရွာကလေးများ၏ အလှတရားကား အိမ်ရှေ့တိုင်းလိုလိုတွင် ပန်းမျိုးစုံ ရောင်စုံ စိုက်ပျိုးထားကြခြင်းပင် ဖြစ်သည်။ ချင်းတောင်နှင်းဆီလို့ ခေါ်ရမလား အဆုပ်လိုက် အဆုပ်လိုက် ပွင့်ပြီး အပွင့်များကလည်း ကြီးမားနေသော နှင်းဆီပွင့်များကိုလည်း ယခုလို ဆောင်းရာသီမျိုးတွင် တွေ့ရသည်။
ချင်းတောင်ခရီးစဉ်တလျှောက် မေးခွန်းထုတ်မိသည်ကား ရွာကလေးများတွင် တွေ့ရသည့် အမယ်အို အဘိုးအိုများနှင့် ကလေးငယ်အများစု အကြောင်းပင် ဖြစ်သည်။ ရွာကလေးများ အများစုမှာ အိမ်ခြေနည်းပါးပြီး လူဦးရေ တိတ်ဆိတ်လှသည်။ သို့အတွက် ကလေးငယ်များ ဘယ်လို ပညာသင်ဖို့ ကြိုးစားကြသနည်းဆိုသည့် အချက်ပင်ဖြစ်သည်။ တရွာလျှင် တကျောင်း ဆောက်ပေးရန်မှာလည်း အတော်ပင် ခက်ခဲမည့်ကိစ္စ ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကျောင်းတွင် တက်ရောက်ပညာသင်ကြားဖို့ ကလေးငယ် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်သည်။ သို့သော် အစုလိုက် ပေါင်းစုပြီး တကျောင်းတည်းမှာ ထားပြန်တော့ ကလေးငယ်လေးများ ကျောင်းအသွားအပြန်အတွက် ခရီးက မိုင်ချီပြီး ဝေးနေပြန်သည်။ ကျောင်းဖယ်ရီ လုံးဝမရှိသောကြောင့် ဖြစ်သလို ဖြေရှင်းနေရသော အခက်အခဲများကိုလည်း ကြုံလာရသည်။ ကျောင်းတက်သော ကလေးငယ်များအဖို့ မနက်အစောကြီးထ ထမင်းကို အဝစား (ထမင်းချိုင့်ထုပ်သောဓလေ့ နည်းပါးသည်) ကျောင်းသွားကြရသည်။ ကျောင်းသွားရာတွင် လမ်းမှာတွေ့သမျှ ဟိုင်းဝေးလိုင်းကားများကို ကြုံသလို တားသည်။ ဆိုင်ကယ်ချောင်ပါက တားသည်။ တချို့လည်း ကိုယ်ချင်းစာစွာ ကလေးငယ်များကို ရပ်ပြီး တင်ကြသည်။ တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် မသိကျိုးကျွံပြုကာ ဆက်လက်မောင်းသွားကြသည်။ ဤသို့ဖြင့် ချင်းတိုင်းရင်းသား ဌာနေရွာကလေးများမှ ကလေးငယ်များ ပညာသင်ယူရန် အခက်အခဲများကြောင့် ပညာရေးကို သိပ်အားမထားနိုင်ကြတော့ကြောင်းကိုလည်း ချင်းတိုင်းရင်းသားကြီးတဦးက ပြောပြ၍ မှတ်သားခဲ့ရသည်။
နောက်တခု စဉ်းစားမိတာတခုက ချင်းတိုင်းရင်းသား ရွာကလေးများတွင် လူလတ်ပိုင်းအချို့ ရှားပါးစွာ တွေ့မြင်နေရခြင်းပင် ဖြစ်သည်။ ကလေးနဲ့ လူအိုကြီးတွေသာ အတွေ့များရပြီး လူလတ်ပိုင်း အမျိုးသမီး၊ အမျိုးသားတွေ ဘယ်ရောက်နေကြသနည်း။ တချို့ မနက်မိုးလင်းကတည်းက အမယ်အိုနဲ့ ကလေးငယ်တွေကို ပစ်ထားပြီး တောင်ယာထဲ ဘဝကို တည်ဆောက်နေကြသည်။ နစ်မြုပ်နေကြသည်။ ထိုသူတို့အဖို့ နိုင်ငံရေး မတွေးနိုင်။ ဘယ်အရေးမှ မတွေးနိုင်။ တောင်ယာမှ အာလူး၊ ပြောင်းဖူး၊ ဂေါ်ဖီ၊ ကြက်သွန်၊ ခရမ်းချဉ်၊ တောင်ယာစပါး၊ ထောပတ် ဒါတွေနဲ့ပဲ ဘဝရပ်တည်ရေး စိတ်ကူးတွေ ယဉ်နေကြရသည်ကို တွေ့ရသည်။ ဒီလို စိတ်ကူးယဉ်နေသူ အများမှာ အသက် ၃၅ နှစ်မှ ၅၀ နှစ်အကြား တိုင်းရင်းသား တိုင်းရင်းသူ အများစု ဖြစ်နေကြောင်းလည်း တွေ့ရသည်။ ထိုသို့ဆိုလျှင် အသက် ၂၀ မှ ၃၅ အကြား သန်မြန်သူ လူငယ်တွေ ချင်းပြည်မှာ ဘယ်နေရာ စုနေကြသလဲ မေးခွန်းထုတ်စရာ တွေးစရာ ဖြစ်လာသည်။
ကျေန်ာတို့ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းလောက်ရှိတယ်။ ဒါပေမယ့် ပြည်ပထွက် အလုပ်လုပ်နေတာတွေ၊ ကျောင်းတက်နေတာတွေကလည်း တသိန်းလောက်ရှိတယ်လို့ ချင်းအမျိုးသားကြီးဖြစ်တဲ့ မိတ်ဆွေတယောက်က ပြောဖူးတာကို သွားသတိရမိသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရပြီး ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်ဆိုသည်မှာလည်း ချင်းပြည်နယ် ချင်းရိုးမနှင့် တဆက်စပ်တည်းသောဒေသ ဖြစ်နေသည်။ ဘာကြောင့် ချင်းပြည်နယ် ဆင်းရဲရသနည်း။ အဖြေရှိနိုင်ပါသည်။ ကျေန်ာတော့ မတွေးတတ်အောင် ဖြစ်မိသည်။ ချင်းပြည်နယ်တွင် သယံဇာတ မြေပေါ်မြေအောက်မှာ ရှိသည်။ လူသားအရင်းအမြစ်ရှိသည်။ တောရှိသည်။ တောင်ရှိသည်။ နိုင်ငံခြားသို့ ပညာတော်သင်ထွက်နေသော တိုင်းရင်းသားလူငယ်များ များပြားစွာ ရှိနေသည်။ ဒါတောင် ဘာလို့ ဆင်းရဲနေရသနည်း။ ကျေနာ့်ဦးနှောက် အတွေးအခေါ်ဖြင့် လုံးဝ မဆုံးဖြတ် မတွေးနိုင် အဖြေမရှာနိုင် ရှိနေသည်။
ချင်းတိုင်းရင်းသားတွေ နိုင်ငံခြားကျောင်းတွေမှာ၊ အများအားဖြင့် အိန္ဒိယကျောင်းတွေမှာ သွားတက်နေတာ အများကြီးရှိတယ်။ သူတို့ကျောင်းတက်ဖို့ ထောက်ပံ့နေသူတွေကလည်း သူတို့ဆွေမျိုးတွေပဲ။ ဒါပေမယ့် ချင်းပြည်မှာနေပြီး ပိုက်ဆံရှာ ထောက်ပံ့နေတာတော့ မဟုတ်ဘူး။ မလေးရှား၊ စင်ကာပူ၊ အမေရိကား စတဲ့နိုင်ငံတွေမှာ ထွက်ပြီး တယောက်က စီးပွားရှာတယ်။ အဲဒါပြီး ကိုယ့်ညီအစ်ကိုမောင်နှမတွေကို နိုင်ငံခြားကျောင်းတက်နိုင်ဖို့အထိ ထောက်ပံ့တယ်။ ဘာလို့ နိုင်ငံခြား ပညာသွားသင်ပြီး ပြန်လာတော့ အလုပ်မလုပ်ကြတာလဲဆိုတော့ ချင်းပြည်မှာ ဘာအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလို့လဲ၊ ခင်ဗျားကိုယ်တိုင် တွေ့တာပဲ။ လမ်းခင်း၊ ကျောက်ထု၊ တောင်ယာပဲလေ၊ ချင်းပြည်နယ်မှာ လုပ်ငန်းကြီးမရှိဘူး။ လုပ်ငန်းကြီးရှိပြန်တော့လည်း သယံဇာတကို အတင်းထုတ်မယ်ဆိုတဲ့ အလုပ်တွေပဲ လာလာပြောနေကြတယ်လို့ ချင်းတိုင်းရင်းသား မိတ်ဆွေကြီးက ရှင်းပြပြန်သည်။
ချင်းတိုင်းရင်းသားတို့ဘဝတွင် ပထမ နံပါတ် (၁) ပညာသင်ရန် ခက်ခဲခြင်း၊ နံပါတ် (၂) ပညာတတ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကို တွေ့ရသည်။ အဆိုပါ အချက် (၂) ချက်ကား ပြည်နယ်ကို ဆင်းရဲစေသော အဓိကအကြောင်းတရားဖြစ်မလား မတွေးတတ်။
ချင်းပြည်နယ်ရှိ ချင်းတိုင်းရင်းသားတို့တွင် ချင်းပြည်နယ်သည် မည်မျှဆင်းရဲစေကာမူ ပင်ကို ရိုးသားမှု ရှိကြသည်။ ထိုရိုးသားခြင်းသည်ကားပင် မည်သည့်အရာနှင့်မှ မလဲနိုင်သော အလှတရားပင် ဖြစ်သည်။ ချင်းတိုင်းရင်းသားများအနေဖြင့် လူစိမ်းဆိုလျှင် ကြောက်တတ်ကြသည်။ အကြောက်တရား ပျောက်သွားပြီး ခင်မင်လာပြီဆိုလျှင်လည်း ဖက်လဲတကင်း ဖော်ရွေစွာ ဆက်ဆံတတ်ကြပြီး ဒုက္ခကို မျှဝေ ခံစားတတ်ကြသည်။ အမျိုးသမီး အမျိုးသား မခွဲခြား ခင်မင်ဖော်ရွေစွာ တန်းတူ ဆက်ဆံတတ်ကြသောဓလေ့ အပြည့်အဝ ရှိကြသည်။
ချင်းပြည်နယ်၏ အမှတ်အသားကို ပြပါဆိုလျှင် အားလုံးသိကြမည် ထင်ပါသည်။ ချင်းပြည်နယ်၏ အမှတ်အသားသည် အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်း ဖြစ်သည်။ သစ္စာတရားကို တန်းဖိုးထားသော ချင်းတိုင်းရင်းသားများအဖို့ ၎င်းတို့ တန်ဖိုးထားသော အမှတ်အသားသည်လည်း သစ္စတရားကြီးမားသော သင်္ကေတများပင်။ အောက်ချင်းငှက်တို့ ဓလေ့သည် အမြဲ အဖိုအမ နှစ်ကောင် ယှဉ်တွဲနေတတ်ကြပြီး တကောင်သေလျှင် တကောင်က အနားကမခွာ နေတတ်ကြောင်း သိရသည်။ ငှက်မုဆိုးတို့အဖို့ အောက်ချင်း အဖိုတကောင်ပစ်မိလို့ ရလျှင် အောက်ချင်းငှက် အမကိုပါ တွဲရကြသည်ဟု ဆိုသည်။ တောင်ဇလပ်ဆိုလျှင်လည်း မြေပြန့်က ပိတောက်ထက်ပင် သစ္စာတရား ကြီးမားကြောင်း သိရသည်။ တောင်ဇလပ်သည် ယနေ့အထိ ဖောက်ပြန်ခြင်းမရှိ သူ့ရာသီအတိုင်း ပွင့်သည်။ နောက်ပြီး တောင်တန်းတွေကိုသာ တောင်ဇလပ်က ချစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၄၀၀၀) မကျော်လျှင် တောင်ဇလပ်မှာ လုံးဝ မပွင့်ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တော်ကြီးသို့ သွားလမ်းတလျှောက် ချင်းတိုင်းရင်းသား ကလေးငယ်များ တောင်ပတ်လမ်းလေးများတွင် စက်ဘီးတာယာလှိမ့် ကစားနေကြသည်။ အမယ်အိုများက ကလေးငယ်များကို စောင်ဖြင့် ကျောပိုးကာ နေပူစာ လှုံနေကြသည်။ တချို့အမယ်အိုများ အိမ်ကလေး မျက်နှာစာတွင် အိမ်နံရံကို အမှီပြုရင်း လမ်းပေါ်ကို ဘယ်လိုရယ်ရွယ်ချက်နှင့် ငေးမောနေသည်မသိ တိတ်ဆိတ်နေကြသည်။ နိုင်ငံခြားထွက်သွားပြီး ပညာသင်နေသော၊ အလုပ်လုပ်နေသော လူငယ်များအတွက် ဝေဖန်သံနှစ်မျိုးကလည်း ကြားနေရသည်။
နိုင်ငံတော်အစိုးရက လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အကောင်အထည် မဖော်နိုင်တော့ လူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတယ်လေ။ ဒါက ဝေဖန်မှုတမျိုး။
ချင်းပြည်နယ်က လူငယ်တွေ နိုင်ငံခြားပဲ သွားနေကြတယ်။ ကိုယ့်ပြည်နယ်ဆင်းရဲတာ သိသားနဲ့ လူငယ်အားနဲ့ ချမ်းသာအောင် တည်ဆောက်ဖို့ မကြိုးစားဘူး၊ တကိုယ်ကောင်း ဆန်လွန်းပါတယ်။ ဒီလို ဝေဖန်မှုမျိုးက တဖုံ…..။ ဒါပေမယ့် ချင်းပြည်နယ်လေးအတွက် အဖြေကတော့ တနေရာရာမှာ ရှိနေမယ်ဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်ထင်ပါရဲ့ …………။
မင်းရဲစစ်နိုင်