ကမ္ဘာ့ ရှားပါးပင့်ကူမျိုးစိတ် ၁မျိုး ကယားပြည်နယ်တွင်တွေ့ရှိ
DVB
·
November 26, 2018
ကမ္ဘာ့မှာ ရှားပါးတဲ့ ပင့်ကူမျိုးစိတ်တမျိုးကို စင်္ကာပူနဲ့ မြန်မာ ဇီဝဗေဒပညာရှင်တွေက ကယားပြည်နယ်မှာ တွေ့ရှိခဲ့တယ်လို့ ကယန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ယက်က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလအတွင်း စင်္ကာပူနဲ့ မြန်မာ ဇီဝဗေဒပညာရှင်တွေရဲ့ ကယန်းဒေသအတွင်း စူးစမ်းလေ့လာရေးခရီးမှာ ကမ္ဘာ့ ရှားပါးပင့်ကူမျိုးစိတ်လို့ သတ်မှတ်ထားတဲ့ Trapdoor လို့ ခေါ်တဲ့  ပင့်ကူ မျိုးစိတ်တမျိုးကို ကွီတမော့ တောင်ကြောမှာ ရှာဖွေတွေ့ ရှိခဲ့တာလို့ ဆိုပါတယ်။
လေ့လာရေးအဖွဲ့ ခေါင်းဆောင် စင်ကာပူအမျိုးသားတက္ကသိုလ် ပါမောက္ခ ဒေါက်တာ Li Daiqin က “ကမ္ဘာ့အခြားဒေသမှာတွေ့ ရတဲ့ Trapdoor spider species တွေနဲ့ မတူကွဲပြားတဲ့ မျိုးစိတ်ဖြစ်ခဲ့ရင် ကယန်းဒေသအတွင်း စတင်တွေ့ရှိရာနေရာဖြစ်တဲ့ ကွီတမော့တောင်ရဲ့ အမည်ကို အစွဲပြုပြီး ကွီတမော့ပင့်ကူလို့ အမည်သစ်ပေးပြီး မှတ်တမ်းတင်မှာဖြစ်တယ်”လို့ ပြောပါတယ်။
ဒေါက်တာလီ ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာပညာရှင်တွေ ပူးပေါင်းပြီး ကယန်းဒေသအတွင်း ရှားပါးပင့်ကူ မျိုးစိတ်တွေရှာဖွေစူးစမ်းလေ့လာရေးခရီးစဉ်ကို ၂၀၁၈ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ကြတာပါ။
တွေ့ရှိထားတဲ့ ပင့်ကူနမူနာကို စင်္ကာပူနိုင်ငံကို ယူဆောင်သွားပြီး ဒီအန်အေ မျိုးစိတ်ကို အသေးစိတ်ခွဲခြားစမ်းသပ် စစ်ဆေးဖို့ အစီအစဉ် ရှိပါတယ်။
ဓာတ်ပုံ- ECNKR