မန္တလေးတွင် ပြိုင်ကား ၁ စီး ယာဉ်ထိန်းရဲကင်းကို ၀င်တိုက်၊ လူ ၂ ဦး သေဆုံး
DVB
·
November 9, 2018
မန္တလေးမြို့တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ကျုံးဘေးမှာ ဒီကနေ့ မနက်က ပြိုင်ကားတစီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစီးနဲ့ ယာဉ်ထိန်းရဲကင်းကို တိုက်မိခဲ့လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။
၇၈ လမ်းအတိုင်း သန်းထက်အောင် (၂၆) နှစ် မောင်းနှင်လာတဲ့ TOYOTA Lexus ပြိုင်ကား အနီရောင်ဟာ အရှိန်မထိန်းနိုင်ဘဲ မီးပွိုင့်မှာရပ်စောင့်နေတဲ့ ဆိုင်ကယ်ကို တိုက်မိပီး ချိတ်ပါခဲ့ကာ ယာဉ်ထိန်းရဲကင်း အဆောက်အဦကို ထပ်မံတိုက်မိခဲ့ပါတယ်။
ဆိုင်ကယ်ကိုစီးနင်းခဲ့တဲ့ လွင်မင်းသန့် (၂၃) နှစ်နဲ့ ကျော်ဇင်သက် (၂၆) နှစ်တို့ဟာ ကားနဲ့ ချိတ်ပါလာခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ခဲ့ပေမယ့် ၂ ဦးစလုံး သေဆုံးသွားပါတယ်။
TOYOTA Lexus ပြိုင်ကားအား မောင်းနှင်ခဲ့တဲ့ သန်းထက်အောင်ကို မန္တလေးတိုင်း ယာဉ်ထိမ်းတပ်ဖွဲ့က ယာဉ်မဆင်မခြင်မောင်းနှင်မှု လူသေစေမှုတို့နဲ့ အမှုဖွင့်အရေးယူဖို့ ရှိပါတယ်။
အောင်အောင်နိုင်