ကြံ့ခိုင်ရေးပါတီက ဆန် ၁ ပြည်ကို ပေါက်ဈေးထက် ကျပ် ၃၀၀ ဈေးလျှော့ရောင်းပေးနေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 6, 2018
နေပြည်တော်ကောင်စီ ၈ မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆန် ၁ ပြည်ကို ကာလပေါက်ဈေးထက် ကျပ် ၃၀၀ နှုန်း ဈေးလျော့ပြီး ရောင်းချပေးနေပါတယ်။
အဲ့ဒီလို ရောင်းချတဲ့နေရာမှာ လူတဦးကို ၅ ပြည်နှုန်းသာ ရောင်းချပေးမှာဖြစ်ပြီး ဝယ်ယူမှု မြင့်တက်လာပါက ဆန်ကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ရောင်းချပေးနိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဇမ္ဗူသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။
“ကျနော်တို့ အခုလို ရောင်းချပေးတာ ပါတီစည်းရုံးရေးသဘော မဟုတ်ပါဘူး။ ပြည်သူတွေ ခက်ခဲကျပ်တည်းနေချိန်မှာ ကျနော်တို့က ကူညီချင်တဲ့သဘောပါ။ အမြတ်မယူဘဲ အရင်းအတိုင်း ရောင်းချပေးတာ ပြည်သူတွေ အကျိုးအမြတ်ရှိရင်ကို ကျေနပ်ပါတယ်။”
နိုဝင်ဘာ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်းကျေးရွာမှာ မနောသုခဆန် တပြည်ကို ကျပ် ၁၁၀၀ နှုန်းနဲ့ ၂၄ ပြည်ဝင် အိတ် ၂၀ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲက ကျေးရွာတချို့မှာ အခုလို ရောင်းချပေးခဲ့တယ်လို့လည်း သိရပါတယ်။