ကြားဖြတ်ဖြစ်တဲ့အတွက် အင်တိုက်အားတိုက် တအားကြီး တိုးဝှေ့မပေးဘူး - ဦးသန်းလွင်
DVB
·
November 3, 2018
မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် မဟုတ်ပေမယ့် စိတ်ဝင်တစားတော့ လာရောက်မဲမေးနေကြတယ်လို့ အမှတ် ၅ ရပ်ကွက် ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
“မနက် ၆ နာရီ မဲရုံစဖွင့်ဖွင့်ချင်းပဲ မဲပေးတဲ့သူတွေ လာကြပါတယ်။ ဒါပေမယ့် ကျနော်တို့ မဲရုံမှာ လူဦးရေ ၉၀၀ ကျော်ရှိတော့ ခန့်မှန်းချေ ၆ နာရီကနေ ၈ နာရီအတွင်း ၁၀၀ ကျော်လောက် ပေးပြီးပြီ။ အချိန်က စောသေးတဲ့အတွက် ခန့်မှန်းလို့တော့ မရသေးဘူး။ အခုက ကြားဖြတ်လည်းဖြစ်တဲ့အတွက် အင်တိုက်အားတိုက် တအားကြီး တိုးဝေ့မပေးဘူး။ ပုံမှန်လေးတော့ စိတ်ဝင်တစားလာပေးနေကြပါတယ်။”
မြင်းခြံမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၂၂၀၀၀၀ ကျော်ရှိပြီး၊ မဲရုံပေါင်း ၂၆၈ ရုံ ထားရှိတယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ လစ်လပ်နေရာ ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ၁ နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာလည်း ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ၁၃ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုမှ ၆၂ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စာလှယ်လောင်း ၇ ဦး၊ စုစုပေါင်း ၆၉ ဦး ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တါတီတည်းသာ နေရာအပြည့် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။