နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကလေးငယ်များ ဆက်တိုက်သေဆုံးနေ
DVB
·
November 1, 2018
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့အနီး ရန်နောနုတ်ညိုကျေးရွာမှာ အောက်တိုဘာ ၃၁ ရက်က ကလေးငယ်တွေ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရန်နောဆန်ရီအုပ်စု အုပ်ချုပ်ရေးမှူးဦးနာဝမ်က ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်က အသက် ၃ လခွဲ အရွယ် ကလေးငယ်တဦး၊ အောက်တိုဘာ ၃ဝ ရက်မှာ အသက် ၁၀ နှစ် အရွယ် ကလေးတဦးနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ၂ လ အရွယ် ကလေးတဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရန်နောနုတ်ညိုကျေးရွာမှာ အသက် ၂ နှစ်အောက် ကလေးတွေ အသက်ရှူဖို့ ခက်ခဲတဲ့ ရောဂါဖြစ်ပွားနေပြီး ချောင်းဆိုးလို့မရဖြစ်နေတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာ နောက်ထပ် ကလေးငယ် ၅ ဦးရဲ့ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်နေရပြီး အခြား ကလေးငယ် ၃ဝ လောက်ဟာလည်း ဆေးကုသမှု ခံယူဖို့ လိုအပ်နေတယ်လို့ ဦးနောဝမ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂၅ ရက်အထိ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး ရောဂါလက္ခဏာတွေကတော့ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာခေါင်းသွေးယို၊ အသက်ရှူကြပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အောင်ဆန်းမြင့်