မင်းတုန်းတွင် ဦးခွံမပါသည့် ကလေးငယ်တဦး မွေးဖွား
DVB
·
October 26, 2018
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ ပြည်သူ့ဆေးရုံမှာ ဦးခွံမပါတဲ့ ကလေးငယ်တဦးမွေးဖွားပြီး ဇီကာဗိုင်းရပ်လက္ခဏာ မဟုတ်ဘဲ ဖောလစ်အက်စစ်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။
မင်းတုန်းမြို့နယ် တောင်မြင့်ကျေးရွာမှာ နေထိုင်တဲ့ ကိုဝင်းနိုင်၊ မနှင်းဝေဖြူတို့က သားဦးယောက်ျားလေးအဖြစ် အောက်တိုဘာ ၂၁ ရက်ည ၁၂ လောက်မှာ မွေးဖွားခဲ့ပြီး ၅ ပေါင်လောက်ရှိတယ်လို့ သိရပါတယ်။
မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းလင်းအောင်က "Anencephaly ပေါ့။ သန္ဓေတည်စဉ်
ချွတ်ယွင်းမှုကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့နဲ့ ဦးခွံမပါတဲ့ ရောဂါလက္ခဏာစုပေါ့။ လူ တစ်သောင်းမှာ တစ်ယောက်ဖြစ်ခဲပါတယ်။ ဖောလစ်အက်စစ်ချို့တဲ့တာပေါ့။ ဇီကာဗိုင်းရပ်လက္ခဏာနဲ့ မတူဘူး" လို့ ပြောပါတယ်။
ဒီလိုဦးခေါင်းခွံနဲ့ ဦးနှောက်အစိတ်အပိုင်းတချို့မပါဘဲ မွေးတဲ့ ကလေးအများစုဟာ နာရီပိုင်းအတွင်း သေဆုံးတတ်ပြီး အခုကလေးမှာတော့ ၅ ရက်ကြာသည်အထိ အသက်ရှူနှုန်း မှန်ကန်စွာနဲ့ အသက်ရှင်ရပ်တည်နိုင်နေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။
မွေးလူနာစောင့် ဆွေမျိုးတဦးက "ကလေးက နို့စို့ချင်လို့ လျှာသိမ်းတယ်၊ ဆီးဝမ်းသွားတယ်၊ မိခင်က နေကောင်းတယ်။ သူ့ယောက်ျားက ကိုယ်ဝန်ရစဉ်ကတည်းက ထိုင်းမှာအလုပ် သွားလုပ်နေတာ ပြန်မလာနိုင်ဘူး၊ အင်္ဂါလည်းစုံတယ်။ ဆရာဝန်ကြီးက သင့်တော်တဲ့နေရာ လွှတ်မယ်၊ လမ်းစရိတ်လည်း ကူမယ်ပြောတယ်၊ သွားဖို့ခက်ပါတယ်။ ကံရှိသရွေ့ပေါ့" လို့ ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - နေမှူးလူ