မဟာချိုင်ဈေးကြီးတွင် မြန်မာအလုပ်သမား ၆၀၀ ကျော် စစ်ဆေးခံရ
DVB
·
October 19, 2018
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ တလတ်ကုန့် (ပုစွန်ဈေး) မှာ ကနေ့ မနက် ၆ နာရီလောက်က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်လာပြီး အလုပ်သမားပေါင်း ၆ဝဝ ကျော်ကို ထိန်းချုပ်စစ်ဆေးခဲ့ပါတယ်။
နယ်မြေတွင်း တရားမ၀င်အလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ပပျောက်ရေးအတွက် အမှတ် ၇ တိုင်းဒေသရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဒီကနေ့မနက်က နယ်မြေခံရဲ၊ လ၀က၊ အုပ်ချုပ်ရေး နဲ့ စစ်တပ်တို့ ပူးပေါင်းပါဝင်တဲ့ အင်အား ၁၀၀ ကျော်ဟာ မဟာချိုင် ပုစွန်ဈေးမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆမွတ်ဆာခွန်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆာမတ် ဆရီဆီဘွန်းချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေဟာ မြန်မာအလုပ်သမားပေါင်း ၆၂၃ ဦး (ကျား ၃၆၉ ဦး + မ ၂၅၄ ဦး ) တို့ကို အလုပ်သမားကတ်၊ နေထိုင်ခွင့်အထောက်အထားတွေ စစ်ဆေးခဲ့တဲ့အပြင် အမျိုးသားတွေ ကိုလည်း ဆီးစစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ စစ်ဆေးခဲ့ပါတယ်။
အဆိုပါစစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်သူ ၉ ဦး (ကျား ၈ ဦး + မ ၁ ဦး ) နဲ့ မူးယစ်ဆေးသုံးစွဲသူ အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးသုံးမှုနဲ့ အဖမ်းခံရသူ ၂ ဦးမှာ ချောင်းဆိုးပျောက်ဆေးနဲ့ ဆေးခြောက် ရောနှောထားတဲ့ မူးယစ်ဆေး ၁၅ လီ တာကိုပါ သက်သေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကလည်း ဆမွတ်ဆာခွန်း နဲ့ ဆမွတ်ပရကန်မြို့နယ်တွေမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား အများစု ပါဝင်ပါတယ်။