ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ကြေးသွန်းရုပ်တု စိုက်ထူ
DVB
·
October 19, 2018
မြန်မာနိုင်ငံ ပထမဆုံးသမ္မတဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြေးသွန်းရုပ်တုကို ညောင်ရွှေမြို့ စော်ဘွားဂူဗိမာန်အနီးမှာ အောက်တိုဘာ ၁၉ ရက်နေ့က စိုက်ထူခဲ့ပါတယ်။
စော်ဘွားကြီး စဝ်ရွှေသိုက်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့ ပါဝင်ကြိုးစားခဲ့သလို ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဦးဆောင်လမ်းပြသူလည်း ဖြစ်တယ်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရုပ်တု စိုက်ထူတာဟာ ပဒေသရာဇ်စနစ်ကို အားပေးအားမြှောက်တာ မဟုတ်ဘဲ မြန်မာနိုင်ငံ ပထမဆုံးသမ္မတဂုဏ်ကို ပုံဖော်တာလို့ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဆိုပါတယ်။
“စဝ်ရွှေသိုက်ဟာ မြန်မာနိုင်ငံ ပထမဆုံးသမ္မတဖြစ်ခဲ့သလို ညောင်ရွှေမြို့အတွက် ကျေးဇူးရှင်လည်း ဖြစ်ခဲ့တဲ့အတွက် ရုပ်တုစိုက်ထူတာကို အစိုးရအနေနဲ့ ခွင့်ပြုသလို စဝ်ရွှေသိုက် နိုင်ငံတော်အပေါ် ထားရှိတဲ့ စေတနာတွေ၊ လုပ်ဆောင်ချက်တွေ နောင်လာနောက်သားတွေ သိရှိဖို့ လိုတယ်” လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောပါတယ်။
ကြေးသွန်းရုပ်တု အလေးချိန် ကြေး ၃၀၀ ပိဿာရှိပြီး အရှည် ၆ ပေ ၂ လက်မ၊ တန်ဖိုး သိန်း ၆၀ ရှိကြောင်း၊ ညောင်ရွှေမြို့ ကျောက်တိုင်ကွင်းအရှေ့ စော်ဘွားကြီးအုတ်ဂူအနီးမှာ စိုက်ထူထားမှာ ဖြစ်ပါတယ်။
စော်ဘွားကြေးရုပ်တုကို တဦးတယောက် အလှူငွေနဲ့ လုပ်ထားတာမဟုတ်ဘဲ နေရာကျယ်ကျယ်ပြန့်ပြန့် အလှူခံပြီး ဆောက်လုပ်တာလို့ သိရပါတယ်။
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို ၁၈၉၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ ညောင်ရွှေစော်ဘွားအဖြစ် ဟော်နန်းတက်ခဲ့ကာ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ