လားရှိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား
DVB
·
October 12, 2018
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၇ ရပ်ကွက်၊ သီတာလမ်းရှိ၊ ဒေါ်ရန်ကျုံရှန်း နေအိမ်ဝင်းအတွင်း မနေ့ညက ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပါတယ်။
မနေ့ည ၉ နာရီလောက်က အသံကျယ်လောင်တဲ့ ပေါက်ကွဲမှုတခုကြောင့် ဒေါ်ရန်ကျုံရှန်း ရဲ့ နေအိမ် ပြတင်းတံခါး ၂ ခု မှန်ကွဲပျက်စီးကာ အိမ်ကြမ်းပြင်ပျက်စီးသွားပါတယ်။
ဒီလိုပျက်စီးမှုတွေရှိပေမယ့် နေအိမ်မှာ နေထိုင်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ အဆိုပ်နေအိမ်ကို ဗျောက်နဲ့ပစ်ပေါက်မှုကြောင့် အခုလိုဖြစ်ရတာလို့ လားရှိုးရဲစခန်းက တာဝန်မှူး ရဲမှူး အောင်ကျော်ကျော်လွင်က ပြောပါတယ်။
“ဗျောက်အိုးနဲ့ လှမ်းပစ်တာလို့တော ပြောတယ် အမှုက၊ ဒါပေမယ့် အမှုက စစ်တုန်းရှိသေးတယ်။ အိမ်က ဘေးရဲ့ဟာလေးတွေ နည်းနည်းပျက်တာ။ အဲလောက်ပါပဲ။ အခုကတော့ အမှုဖွင့်ပြီး စစ်ထားတယ်။ လုပ်တဲ့လူကိုတော့ စုံစမ်းနေဆဲပါပဲ။”
လားရှိုးမြို့ခံ ဒေါ်ချွန်းချွန်းကတော့ ဒီပေါက်ကွဲမှုကို ကြားပေမယ့် အသေးစိတ်မသိဘူးလို့ ပြောပါတယ်။
“အသံတော့ ကြားလိုက်တယ်။ ဘာဖြစ်တာလဲဆိုတာမသိတာ။ အိမ်ကလူတောင် ဘယ်သူမှ ထွက်မကြည့်ဘူး။ ဗျောက်သံပဲ ထင်လို့ အားလုံး ဒီတိုင်းပဲအိပ်တာ။ ဒါပေမယ့် မနက် ကျမှပဲ သိတာ။”
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်