ဘော်ဒါဆောင်နေ ၁၀ တန်းကျောင်းသား အချင်းချင်း စကားများပြီး ဓားထိုးမှုဖြစ်ပွား
DVB
·
October 6, 2018
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ ဘော်ဒါဆောင်တခုမှာ စာသင်မယ့် ဆရာအလာကို စောင့်ရင်း ၁၀ တန်း ကျောင်းသား အချင်းချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့ပါတယ်။
စာသင်ခုံကို ကျောမှီလိုက်ရာကနေ စကားများရန်ဖြစ်ပြီး မောင်အောင်ကိုကိုက မောင်ရဲလင်းကို ဓားနဲ့ ထိုးခဲ့တာလို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။
ဒဏ်ရာရရှိတဲ့ မောင်ရဲလင်းကိုတော့ မန္တလေးဆေးရုံကို ပြောင်းရွှေ့ပို့ဆောင်ထားပြီး ဓားဒဏ်ရာသက်သာနေပြီလို့ ဒုပညာရေးမှူး ဦးကျော်မြင့်ကပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ မောင်အောင်ကိုကိုကို ပြတ်ရှချွန်ထက်တဲ့လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)