တောင်ကြီး ကျားမင်းကြီး အရက်ချက်စက်ရုံ ပိတ်သိမ်းပေးရန် ဒေသခံများ တောင်းဆို
DVB
·
September 29, 2018
တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နန်ရွာရှိ ကျားမင်းကြီး အရက်ချက်စက်ရုံက အနံ့ဆိုးနဲ့ စွန့်ပစ်ရေဆိုးကြောင့် ကျန်းမာရေး၊ စိုက်ပျိုးရေး ထိခိုက်နေလို့ စက်ရုံ ပိတ်သိမ်းဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
စက်ရုံရဲ့ ဆိုးကျိုးကို မခံနိုင်တဲ့အတွက် အရေးယူပေးဖို့ ဒေသခံတွေက လွှတ်တော်ရေးရာကော်မတီ ၄ ခုကို တိုင်ကြားပြီးနောက် စက်တင်ဘာ ၂၈ ရက်က ကွင်းဆင်းစစ်ဆေးချိန်မှာ ပိတ်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။
“ဒီစက်ရုံက ရပ်ရွာအတွက် အကျိုးပြုတာမရှိဘူး၊ ဆိုးကျိုးတွေပဲရှိတယ်။ လယ်မြေတွေ အရမ်းပျက်စီးတယ်၊ ကျန်းမာရေးလည်း ထိခိုက်တယ်၊ ဒါကြောင့် ဒီစက်ရုံကို ပိတ်သိမ်းစေချင်တယ်” လို့ ဒေသခံ မပန်းမြိုင်က ပြောပါတယ်။
မီဒီယာတွေမှာ ရေးသားဖော်ပြပေမယ့် အစိုးရက အရေးယူပေးတာ မရှိတဲ့အတွက် ဒေသခံတွေက ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာစိစစ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လယ်သမား အလုပ်သမားနဲ့ လူငယ်ရေးရာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သယံဇာတရေးရာကော်မတီထံ တိုင်ကြားပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေ ကွင်းဆင်းစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
“ဒေသခံတွေ တိုင်ထားတဲ့အတိုင်း အမှန်တကယ်တွေ့ရတယ်။ ရေဆိုးတွေ လယ်ထဲရောက်တယ်၊ ရေဆိုးကြောင့် ပတ်ဝန်းကျင်လယ်တွေ ပျက်စီးတယ်၊ အနံ့တွေ မခံနိုင်အောင်ခံစားရတယ်။ စက်ရုံက သူတို့ရေဆိုးတွေ စနစ်တကျ မစွန့်ပစ်ခဲ့ဘူး၊ အဲ့ဒီ ရေဟာ တယောချောင်းမှတဆင့် အင်းလေးကန်အတွင်း ဆင်းသွားတယ်။ ဒေသခံ တင်ပြချက်မှန်တယ်၊ ပတ်ဝန်းကျင်တအားထိခိုက်တာတွေ့ရတယ်။ တွေ့ရှိချက်ကို မှန်မှန်ကန်ကန် လွှတ်တော်ကနေ အစိုးရကို အကြံပြုတင်ပြသွားမယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့သယံဇာတရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောပါတယ်။
စက်ရုံက အနံ့ဆိုးကြောင့် ညပိုင်းအိပ်မခြင်း၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ခေါင်းကိုက်၊ ခေါင်းမူးတာတွေ ဖြစ်ပွားတယ်၊ ကောက်စိုက်သူတွေ ရေကြောင့် ယားယံတာတွေလည်းဖြစ်သလို အချို့အသက်ရှူလမ်းကြောင်းပြဿနာတွေလည်း ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ကွင်းဆင်းချိန်မှာ တောင်လေးလုံးကျေးရွာ အုပ်စုမှေ တာင်ဦးရွာ၊ တောင်ခြေရွာ၊ ဖက်နန်ရွာ၊ ဥမှင်ရွာ၊ တောင်လေးလုံးရွာ၊ သံတဲကျေးရွာအုပ်စုမှ သံတောင်ရွာ၊ ကုန်းမို့ရွာ၊ သံသေရွာ၊ ကင်တုတ်ရွာ၊ မိုင်းတော်အရှေ့ကျေးရွာအုပ်စုမှ ဟဲကယ်ရွာ၊ မန်းကျည်းပင်ရွာ၊ ဆည်ကြီးရွာ၊ မိုင်းတော်အနောက်ကျေးရွာအုပ်စုမှ ပန့်ပုံးရွာ၊ စမ်းချောင်းရွာ၊ သိမ်ကုန်းရွာ၊ ရွှေညောင်တိုက်နယ် ဒေသခံ လူထုနဲ့တွေ့ဆုံဆွေးနွေးတင်ပြပြီး ပြည်သူလူထုက စက်ရုံပိတ်သိမ်းရေး တောင်းဆိုလက်မှတ် လက်မှတ်ပေါင်း ၁၆၉၉ ခုကိုလည်း ရှမ်းပြည်နယ် လွှတ်တော်၏ ရေးရာကော်မတီ ၄ ခုကို တင်ပြထားပါတယ်။
အဲ့ဒီစက်ရုံဟာ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ချိန်မှာ ပြောင်းအခြောက်ခံစက်ရုံလို့ ဒေသခံ တွေက သိထားပြီး စက်ရုံတကယ်လည်တဲ့အခါ အရက်ချက်စက်ရုံ ဖြစ်နေတဲ့အတွက် စွန့်ပစ်ရေဆိုးတွေ၊ အနံ့ဆိုးတွေ မခံနိုင်တဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ခွန်ရာဇာ