မြင်းခြံတွင် တက္ကသိုလ်ကျောင်းသား ၂ဦး အပါအဝင် ၇ဦးကို မူးယစ်ဆေးမှုဖြင့်ဖမ်းဆီး
DVB
·
September 28, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ တက္ကသိုလ်ကျောင်းသား ၂ ဦးအပါအ၀င် အမျိုးသား ၇ ဦးကို စိတ်ကြွရှုးသွပ်ဆေးပြားတွေနဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် နေ့လည် ၁၂ နာရီလောက်က မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့နဲ့ မြင်းခြံခရိုင်မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေက မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်၊ နယ်မြေ (၁၄) သဇင်လမ်းရှိ နေအိမ်တအိမ်ကို သတင်းအရ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။
ဝင်ရောက်ဖမ်းဆီးရာမှာ အောင်ရဲ (ခ) အောင်သူရ၊ ချမ်းငြိမ်းဦး၊ မျိုးမြင့်ကျော်၊ ရဲလွင်ဖြိုး၊ အောင်စိုးမိုး၊ မြန်မာစာ တတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ အောင်မြင့်သူနဲ့ ပိုင်ငြိမ်းဦးတို့ကို စိတ်ကြွရှုးသွပ်ဆေးပြား ၁၉၈ပြားနဲ့အတူ ဆက်စပ်ပစ္စည်းတွေနဲ့ ငွေကျပ် ၄၆၆၀၀တို့အား ဖမ်းဆီးရမိခဲ့ တယ်လို့ မြင်းခြံရဲစခန်းက သိရပါတယ်။
ဒီအမှုကို ဒုရဲအုပ်အောင်လှိုင်ဝင်းက တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့ရာမှာ မြင်းခြံမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-ရီရီထွန်း (မြင်းခြံ)၊ ဓာတ်ပုံ -မြို့မရဲစခန်း