မြန်မာနိုင်ငံနဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု
DVB
·
September 21, 2018
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ သီလဝါ အထူးစီးပွားရေးဇုန်မှာ မြှုပ်နှံတဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ၆ ဒသမ ၁၁ ဘီလျံဒေါ်လာ ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၈ နိုင်ငံက ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ဧပြီလကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ ခြောက်လအတွင်း ပြည်တွင်းကို ဝင်ရောက်လာတဲ့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၁ ဒသမ ၆၁ ဘီလျံ ဒေါ်လာပဲ ရှိပါသေးတယ်။ သြဂုတ်လကုန်လောက်ကို ၃ ဘီလျံဒေါ်လာလောက် မှန်းထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေတယ်လို့ ပြောရမှာပါ။
၁၉၈၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုပေးထားတဲ့ပမာဏ ၇၇ ဘီလျံ ရှိပေမယ့်လည်း တကယ်ဝင်ရောက်လာခဲ့တဲ့ ပမာဏကတော့ ၆၇ ဘီလျံလောက်ပဲ ရှိပါသေးတယ်။
ဘယ်နိုင်ငံတွေက မြှုပ်နှံနေကြသလဲ
၁၉၈၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံက တရုတ်နိုင်ငံဖြစ်ပါတယ်။ တရုတ်ပြီးရင် စင်ကာပူနဲ့ ထိုင်း ဖြစ်ပါတယ်။ ထိုင်းနောက်မှာ အီးယူနိုင်ငံဖြစ်တဲ့ အင်္ဂလန်က စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ အဲဒီနောက်မှာမှ ဂျပန်နဲ့ ကိုရီးယားက အစဉ်လိုက် ရှိနေပါတယ်။
တချို့ ဥရောပကုမ္ပဏီတွေနဲ့ အမေရိကန်ကုမ္ပဏီတွေဟာ စင်ကာပူ တဆင့်ခံပြီး ဝင်ရောက်နေကြတာပါ။ ဒါကြောင့်လည်း စင်ကာပူဟာ တရုတ်ပြီးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ စင်ကာပူရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကတော့ ၇ ဒသမ ၇၇၈ ဘီလျံ ဒေါ်လာ ရှိနေပါတယ်။ ပထမဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပမာဏက ၈ ဒသမ ၇၃၃ ဘီလျံ ဖြစ်ပါတယ်။ တတိယဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ပမာဏတော့ ၂ ဒသမ ၂၅၆ ဘီလျံ ဖြစ်တဲ့အတွက် စင်ကာပူနဲ့ဆိုရင် သိသိသာသာ ကွာဟနေတာ တွေ့ရပါတယ်။
၂၀၁၇ ခုနှစ်ကုန်အထိ အီးယူနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြန်ကြည့်ရင် အဆင့် ၄ ကို လိုက်နေတဲ့ ယူကေနိုင်ငံက ၁ ဒသမ ၉၁၄ ဘီလျံ၊ နယ်သာလန် ၃၃၇ သန်း၊ ပြင်သစ် ၃၁၉ သန်း၊ British Virgin Islands ၁၂၉ သန်း၊ အီတလီ ၁၉ သန်း၊ နော်ဝေ ၁၀ ဒသမ ၈၆ သန်း၊ ဂျာမနီ ၇ ဒသမ ၇၂ သန်း၊ ဆွစ်ဇာလန် ၂ ဒသမ ၈၂ သန်းတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အီးယူနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နည်းနေသေးတာကို တွေ့ရမှာပါ။
အီးယူ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကြိုက်တဲ့ စီးပွားရေးပတ်ဝန်းကျင်မျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ အီးယူ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ယှဉ်ကြည့်ရင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးစားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောရမှာပါ။
ကားစ်ဘတ် (Carlsberg ) ဥပမာ
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ကုမ္ပဏီတွေအထဲက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ ကုမ္ပဏီတခု ရှိပါတယ်။ ဒါကတော့ ဘီယာမျိုးစုံကို ထုတ်လုပ်နေတဲ့ ကားစ်ဘတ်ကုမ္ပဏီ ဖြစ်ပါတယ်။
၁၈၄၇ ခုနှစ်ကတည်းက ဒိန်းမတ်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ ကားစ်ဘတ်ဘီယာ (Carlsberg Beer) ကုမ္ပဏီဟာ ၂၀၁၃၊ အောက်တိုဘာလမှာ မြန်မာဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ရရှိတဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရှိနေပါတယ်။ ကားစ်ဘတ်ဟာ စင်ကာပူတဆင့်ခံပြီး ဝင်ရောက်လာခဲ့တာဖြစ်ပြီး Myanmar Golden Star (MGS) နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဘီယာထုတ်စက်ရုံကို ရန်ကုန်နဲ့ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ ပဲခူးတိုင်း၊ ညောင်အင်းရွာ စက်မှုဇုန်မှာ တည်ထောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရဖို့အတွက် ယစ်မျိုးဌာန ခွင့်ပြုချက်နဲ့ တိုင်းဒေသကြီးအလိုက် ခွင့်ပြုချက်လိုအပ်ပြီး လိုအပ်ချက်နဲ့ကိုက်ညီမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးတယ်လို့ သိရပါတယ်။
ကားစ်ဘတ်ရဲ့ တာဝန်ယူမှုကို ထင်ထင်ရှားရှား ပြသတဲ့ ပွဲတခုကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကျင်းပခဲ့တဲ့ ထုပ်ပိုးပုံစံသစ် (the Snap Pack) မိတ်ဆက်ပွဲဖြစ်ပါတယ်။ ဘီယာဘူးတွေကို ထုပ်ပိုးရာမှာ ပလတ်စတစ်ကို ၇၀ ရာခိုင်နှုန်း လျှော့ချပစ်နိုင်တဲ့ နည်းပညာကို ပြသတဲ့ပွဲပါ။ ပလတ်စတစ်တွေနဲ့ ညစ်ညမ်းနေတဲ့ မျက်မှောက်ကမ္ဘာကြီးအတွက် ကားစ်ဘတ်က သူနဲ့ပတ်သက်တဲ့အပိုင်းကို တာဝန်ယူလိုက်တဲ့ သဘောလို့ ပြောရင် ရနိုင်ပါတယ်။ ကားစ်ဘတ်ဘီယာသံဘူးတွေကို ထုပ်ပိုးရာမှာ ပလတ်စတစ်အစား ကော်နဲ့အစားထိုးပြီး အသုံးပြုတဲ့ နည်းပညာပါ။ ဒီနည်းကြောင့် တနှစ်မှာ ပလတ်စတစ်တန်ချိန် ၁၂၀၀ လောက် လျော့သွားပါမယ်။ တနည်းပြောရရင် ပလတ်စတစ်အိတ်သုံးစွဲမှုဟာ အိတ်သန်းပေါင်း ၆၀ လျော့နည်းသွားပါလိမ့်မယ်။ ကမ္ဘာတခုလုံးအနေနဲ့ တနှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ဘီလျံ ၅၀၀ ကနေ ၁၀၀၀ အထိ သုံးစွဲနေတာ ဖြစ်တဲ့အတွက် သန်း ၆၀ ဆိုတဲ့ အရေအတွက်ဟာ မဆိုစလောက်လို့ မြင်ရပေမယ့် ဒီလို တာဝန်သိစိတ်နဲ့ ကိုယ်တတ်နိုင်တဲ့အပိုင်းက ကိုယ်လုပ်သွားမယ်ဆိုရင် ပလတ်စတစ်အမှိုက်တွေ ကင်းစင်တဲ့ ကမ္ဘာကြီးကို သိပ်မကြာခင်ပဲ မြင်တွေ့ရနိုင်မှာကတော့ သေချာပါတယ်။
ကားစ်ဘတ်ရဲ့ နည်းပညာသစ်ပြပွဲမှာ ဘီယာထည့်တဲ့ ဖန်ပုလင်းတွေကို ယခင်သုံးစွဲမှုထက် ၂ ဆ ပြန်သုံးနိုင်အောင် ဖန်တီးထားတဲ့ နည်းပညာကိုလည်း ပြသထားပါတယ်။ ဖန်ပုလင်းတွေကို ပြန်သုံးရာမှာ ယခင်ကဆိုရင် အကြိမ် ၂၀ လောက်သာ သုံးနိုင်ခဲ့ပေမယ့် နည်းပညာသစ်ကြောင့် အကြိမ် ၅၀ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဖန်ပုလင်းတွေရဲ့ အရောင်အဆင်းနဲ့ အရည်အသွေးကို မပျက်စီးရအောင် ဖန်ပုလင်းကို Kercoat သို့မဟုတ် Opticoat ဆိုတဲ့နည်းနဲ့ အပေါ်က အလွှာပါးတခု သုတ်လိမ်းပေးခြင်း ဖြစ်ပါတယ်။ ဒီလိုသုတ်လိမ်းထားရင် ဖန်ပုလင်းပေါ်မှာ အစင်းကြောင်းထင်တာ အရောင်ပျက်ပြီး အရစ်ထင်တာတွေမရှိဘဲ အကြိမ် ၅၀ အထိ ပြန်သုံးစွဲနိုင်ပါမယ်။
ကားစ်ဘတ်ရဲ့ နည်းပညာသစ်တွေထဲမှာ စားသုံးသူနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ပေးတဲ့ နည်းပညာတချို့ဟာ အထူးစိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘီယာပုလင်းပေါ်က စာလုံးအမှတ်အသားတွေကို ပုံနှိပ်ရာမှာ ဓာတုအဆိပ်အတောက် လုံးဝကင်းရှင်းတဲ့ ပုံနှိပ်မင်ကို သုံးစွဲတဲ့နည်းပညာ၊ ဘီယာပုလင်းထဲက အောက်ဆီဂျင်ဓာတ်ကို ဖယ်ရှားပေးတဲ့ ဘူးအဖုံးကို သုံးစွဲတဲ့နည်းပညာ စတာတွေကိုလည်း ပြပွဲမှာ ခင်းကျင်း ပြသထားပါတယ်။ ဒီနည်းပညာတွေဟာ တာဝန်သိမှု၊ တာဝန်ယူမှုဆိုတဲ့ မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတာပါ။
Carlsberg Group ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Mr.Cees't Hart ကတော့ ဒီနေ့ဟာ Carlsberg အတွက် အန်မတန်အရေးကြီးတဲ့ နေ့တနေ့ ဖြစ်တဲ့အကြောင်း၊ အခုလို လုပ်ဆောင်မှုကနေတဆင့် ပလတ်စတစ်ကို လျော့ချသွားနိုင်မှာ ဖြစ်တဲ့ကြောင်း၊ စားသုံးသူအတွက် ပိုမိုကောင်းမွန်တဲ့ ဘီယာကို ထုတ်လုပ်ပေးနိုင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျော့ချပေးနိုင်တဲ့အတွက် ဝမ်းသာတဲ့အကြောင်းနဲ့ ဒီအနေအထား ရောက်လာဖို့ သုတေသနတွေ အများကြီး လုပ်ခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။
WWF (World Wildlife Fund) ရဲ့ Secretary General ဖြစ်တဲ့ Bo Oksnebjerg ကတော့ ပလတ်စတစ်စွန့်ပစ်မှု မြင့်မားနေတဲ့ ကမ္ဘာကြီးကြောင့် ဒါကို လျှော့ချနိုင်ဖို့ လိုလာတဲ့အကြောင်း၊ ကားစ်ဘတ်ရဲ့ အခုလုပ်ဆောင်ချက်ဟာ ကြီးမားတဲ့ပြောင်းလဲမှုတခု ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ပလတ်စတစ်တန်ချိန် ဘယ်လောက်ထုတ်လုပ်နေလဲ
တနှစ်တနှစ်ကို ကမ္ဘာကြီးက ပလတ်စတစ်တန်ချိန် သန်းပေါင်း ၂၆၀ လောက် ထုတ်လုပ်နေတာပါ။ အဲဒီအထဲက ၁၀ ရာခိုင်နှုန်းလောက်က သမုဒ္ဒရာထဲကို ရောက်ရှိကုန်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ Greenpeace ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ပလတ်စတစ်ကို အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်သလို ပရမ်းပတာ စွန့်လွှတ်မှု အများဆုံးနိုင်ငံလည်း ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံထုတ် ထုတ်ကုန်စုစုပေါင်းရဲ့ ၂၄ ဒသမ ၇ ရာခိုင်နှုန်းဟာ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒုတိယအများဆုံးဖြစ်တဲ့ ဂျာမနီကတော့ ၁၂ ဒသမ ၄ ရာခိုင်နှုန်း လိုက်နေပါတယ်။ တတိအများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံက ၉ ဒသမ ၃ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါကတော့ ပလတ်စတစ် အများဆုံးထုတ်တဲ့ နိုင်ငံ ၈ နိုင်ငံထဲက အများဆုံး ၃ နိုင်ငံရဲ့ အနေအထားဖြစ်ပါတယ်။
ဒါပေမယ့် ပလတ်စတစ်ကို ပရမ်းပတာစွန့်ပစ်တဲ့ နိုင်ငံ ၂၀ ထဲမှာတော့ ဂျာမနီ မပါဝင်ပါဘူး။ အမေရိကန်က အဆင့် ၂၀ မှာ ရှိနေပါတယ်။ အစဉ်လိုက်ဆိုရင်တော့ တရုတ်က နံပါတ် ၁၊ အင်ဒိုနီးရှားက နံပါတ် ၂၊ ဖိလစ်ပိုင်က နံပါတ် ၃၊ ဗီယက်နမ်က နံပါတ် ၄၊ သီရိလင်္ကာ နံပါတ် ၅ နဲ့ ဒေသတွင်းက ထိုင်းနိုင်ငံက နံပါတ် ၆ အဆင့်မှာ ရှိနေပါတယ်။
ဒီနေရာမှာ လေ့လာတွေ့ရှိချက်တခုကတော့ ဒိန်းမတ်နိုင်ငံဟာ ပလတ်စတစ် အများဆုံး ထုတ်လုပ်တဲ့ ၈ နိုင်ငံ စာရင်းထဲမှာ မပါသလို၊ ပရမ်းပတာစွန့်ပစ်မှု အများဆုံးနိုင်ငံ ၂၀ စာရင်းထဲမှာလည်း မပါဝင်ဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။
ဘာကြောင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လိုအပ်သလဲ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Devement) နဲ့ သဘာဝပတ်ဝန်းကျင် (enviroment) နှစ်ခုမှာ တခုကို ဦးစားပေးလွန်းရင် တခု လစ်ဟာသွားနိုင်ပါတယ်။ စီးပွားရေးဘက်ကို ဇောင်းပေးလွန်းရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်သလို၊ သဘာဝပတ်ဝန်းကျင်ကိုချည်းပဲ အလေးပေးလွန်းပြီး စီးပွားရေးလုပ်ခွင့်မရှိရင် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးမှု (development) နဲ့ သဘာဝပတ်ဝန်းကျင် (environment) ကို မျှမျှတတ လုပ်ဆောင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့အညီ လုပ်ဆောင်သွားဖို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက ဒီအချက်ကို တော်တော်သဘောပေါက်နေပါပြီ။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို လျှော့ချနိုင်ဖို့၊ ဥပမာ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေ လက်မှတ်မထိုးတဲ့ kyoto protocol လို စာချုပ်ကိုတောင် လက်မှတ်ထိုးထားပါတယ်။ ဒါကြောင့်လည်း ဥရောပသမဂ္ဂရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ အများအပြား လိုအပ်နေပါတယ်။ လက်ပံတောင်းတောင်စီမံကိန်း၊ စပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွေဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိခဲ့ရင် ဒီလောက် ပြဿနာ တက်ကောင်းမှ တက်ခဲ့ပါလိမ့်မယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ မူဝါဒကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ခွင့်ပြုပေးရင်၊ MIC ကလည်း ခွင့်ပြုပေးတယ်လို့ သိရပါတယ်။ ဒီအနေအထားမှာ ဝန်ကြီးဌာနတွေ အနေနဲ့လည်း စနစ်တကျ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုကုမ္ပဏီတွေကို ခွင့်ပြုပေးသင့်သလဲ၊ ဘယ်လိုကုမ္ပဏီတွေကို စိစစ်သင့်သလဲ။ ဖြစ်လာခဲ့ရင် ဘယ်လိုအရေးယူမလဲ စတဲ့ တိကျတဲ့မူဝါဒတွေ ရှိဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ရလိုဇောနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ကုမ္ပဏီတွေကို လက်ခံမိခဲ့တယ်ဆိုရင်တော့ ဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေနဲ့ မြန်မာနိုင်ငံနဲ့ ချုပ်ဆိုမယ့် ရင်းနှီးမြှုပ်နှံမှုစာချုပ် (bilateral investment treaty) ကို ဥရောပသမဂ္ဂရဲ့ ပါလီမန်ဘက်က ဆိုင်းငံ့ထားတဲ့ အခြေအနေပါ။ ဒီလိုလုပ်လိုက်တဲ့အတွက် ဥရောပသမဂ္ဂရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ သက်ရောက်မှု ရှိနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က "အီးယူစာချုပ် ဆိုင်းငံ့ထားပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံ ဖြစ်တဲ့အတွက် အီးယူနဲ့ အာဆီယံ သဘောတူညီမှု ဆက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း အကျုံးဝင်နေဦးမှာ ဖြစ်တယ်" လို့ ပြောပြပါတယ်။
"နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ကြပါတယ်။ တရုတ်နဲ့လည်း ချုပ်တယ်။ ဂျပန်နဲ့လည်း ချုပ်တယ်။ ထိုင်းနဲ့လည်း ချုပ်တယ်။ တချို့ကလည်း ဒါကို အားပြုပြီး လာကြပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ ဒေသတွင်းနိုင်ငံတွေထက် မနိမ့်တဲ့ မက်လုံးတွေ ပေးပြီးသားပါ။ ဒါကြောင့် အီးယူနဲ့ စာချုပ်ချုပ်မှ တိုးလာမလားဆိုတာတော့ အဲလိုလည်း မဆိုနိုင်သေးတဲ့အကြောင်း၊ လက်ရှိအနေအထားမှာလည်း စာချုပ်ကို ခဏသာ ဆိုင်းငံ့ထားတာ ဖြစ်တဲ့အကြောင်း" စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေရဲ့ ဥပဒေတွေကိုပါ လိုက်နာရမှာဖြစ်တဲ့အကြောင်း၊ EIA, SIA နဲ့အတူ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လိုက်နာရမယ့် ကိစ္စရပ်တွေကိုလည်း ရင်းနှီးမြှုပ်နှံမှု ကာလတလျှောက်လုံး လိုက်နာရမှာဖြစ်တဲ့အကြောင်း၊ ဥပဒေမှာလည်း အပြည့်အဝ ပါဝင်ထားပြီး ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
ဒါပေမယ့်လည်း ယခင်အစိုးရလက်ထက်က MIC ကို ဖြတ်စရာမလိုဘဲ ဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ ပေးခဲ့တဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေကတော့ လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်ကို ရိုက်ခတ်မှုတွေ အများအပြား ရှိနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ။
ယမင်းမြတ်အေး