မောင်တောမြို့နယ်တွင် မြိုလူမျိုး ၁ ဦးအသတ်ခံရသည့်ကိစ္စ စုံစမ်းစစ်ဆေးနေ
DVB
·
September 21, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြိုတိုင်းရင်းသား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံကျေးရွာအုပ်စု ခွဆုံရွာသစ်မှာနေတဲ့ မြိုတိုင်းရင်းသား နွားကျောင်းထွက်တဲ့ အသက် ၄၄ နှစ်အရွယ် ရွာသား ဦးဒူလူဟာ မနေ့က အသတ်ခံခဲ့ရတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။
နွားကျောင်းသွားရာမှ ပြန်ရောက်မလာတဲ့ ဦးဒူလူကို စက်တင်ဘာ ၂ဝ ရက် မနက် ၈ နာရီကျော်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေက သွားရှာကြစဉ် ခွဆုံရွာရဲ့ မြောက်ဘက် ၁ မိုင်ခွဲလောက် တောစပ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးဒူလူရဲ့ အလောင်းကို တွေ့ရှိတယ်လို့ မင်းခမောင်နယ်ခြားစောင့်စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က နွားကျောင်းသွားရာအိမ်ကို ပြန်ရောက်မလာတဲ့အတွက် စခန်းကို သတင်းလာပေးပြီး ဒီနေ့မနက် ၈ နာ ကျော်ခန့်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ သွားရှာတာပါ။ ရွာ မြောက်ဘက် ၁ မိုင်ကျော် တောစပ်နားမှာ အလောင်းတွေ့တာပါ။ အခု အလောင်းကို မောင်တောဆေးရုံကို သယ်ယူဖို့ ပြင်နေပါတယ်။ သတ်တဲ့လူက ဘယ်သူလဲဆိုတာ အတည်မပြောနိုင်သေးပါဘူး။ နွားသူခိုးတွေ ဖြစ်နိုင်ပါတယ်။ သူ့နွားတွေလည်း ရှာ မတွေ့သေးပါဘူး။ အမူမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်။”
အခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်ထဲက ကျေးရွာတွေမှာ နွားသူခိုးအဖွဲ့တွေ ပေါ်ပေါက်နေပြီး မကြာခဏနွားတွေ ပျောက်ဆုံးနေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဗညား