Home
အထွေထွေ
ရွှေတိဂုံဘုရား၊ မိုးကျရွှေကိုယ်နဲ့ ဂေါပကကောက်ကြောင်း (သုတကဖေး)
DVB
·
September 17, 2018
Shwedagon Pagoda_Wikipedia
ရွှေတိဂုံနဲ့ပတ်သက်လို့ ပြဿနာဆိုတာ အခုမှမဟုတ် ဟိုအရင်ကာလတွေကတည်းက ရှိခဲ့တာ။ ဗမာဘုရင်တွေ လက်ထက်ကလည်း ရွှေတိဂုံဓာတ်တော် လေးဆူကို ခိုးယူဖို့ ကြံခဲ့ကြတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ဖူးတယ်။ ရှေးမြန်မာဘုရင်တွေ လက်ထက်မှာလည်း ရွှေတိဂုံကို အထွတ်အမြတ် ထားခဲ့ကြတယ်။ မွန်ဘုရင် မြန်မာဘုရင်တွေ အဆက်ဆက် ရွှေတိဂုံစေတီအပေါ် တန်ဖိုးထား ကိုးကွယ်ခဲ့ကြတာပဲ။ ဟိုအရင်ကတော့ မွန်တွေက “ကျိုက်လဂမ်း” လို့ အမည်သညာ ပြုခဲ့ကြတယ်။ ၁၇၂၄ ခုနှစ်မှာ ပြုစုခဲ့တဲ့ “ဦးကုလား မဟာရာဇဝင်တော်ကြီး” မှာတော့ “ဒဂုံဆံတော်ရှင်” လို့ ဖော်ပြထားတယ်။ ဝန်ကြီးပဒေသရာဇာကတော့ “သိင်္ဂုတ္တရ ကုန်းလှမြတ်စွာ အမည်မှာမူ သတ္တာဘုမ္မိ ဘူရိဒတ္တ၊ ပေါက္ခရဝတီ သီဟရာဇာ တမ္ဗဂုတ္တ တိဂုမ္ဘဟု” အစရှိသဖြင့် မှတ်တမ်းပြုခဲ့တာကို ထောက်ချင့်လိုက်တော့ “တိဂုမ္ဘ” (သို့) ဆံတော်ရှင်လို့ ခေါ်ခဲ့ပုံပါပဲ။ မြန်မာဘုရင်တွေကာလ ၁၈ဝဝ ဝန်းကျင်အထိ “ဒဂုံဆံတော်ရှင်”၊ မွန်က “ကျိုက်လဂမ်း” ရယ်လို့ပဲ ခေါ်ခဲ့ကြတာ။ သာလွန်မင်း ရေးထိုးခဲ့တဲ့ ကျောက်စာမှာတော့ တိဂုမ်လို့ ဖော်ပြထားတယ်။ ဒီတော့ “ဒဂုံဆံတော်ရှင်” ကနေ “ဒဂုံ” ရဲ့ရှေ့မှာ ဘယ်အချိန်လောက်ကစပြီး “ရွှေ” ထည့်လို့ “ရွှေဒဂုံ” ရယ်လို့ ဖြစ်လာသလဲဆိုတာ စဉ်းစားမိတယ်။ အခုတော့ ရွှေတိဂုံပေါ့။ အင်္ဂလိပ်နဲ့မြန်မာ ပထမစစ်ဖြစ်တဲ့ ၁၈၂၄ စစ်သုံးမြေပုံမှာတော့ ရွှေတိဂုံဆိုတဲ့ အသုံးကို တွေ့ရတယ်။ ဒါပေမယ့် အဲ့ဒီ စစ်သုံးမြေပုံက နောက်ပိုင်းကာလတွေမှာ ပြန်ဆွဲတဲ့ပုံလို့လည်း ပညာရှင်တွေ ထောက်ပြတာ ရှိတယ်။ သမိုင်းပညာရှင်တချို့ကတော့ ၁၈၂၄ ခုနှစ်နောက်ပိုင်းမှ “ဒဂုံ” ရှေ့မှာ ရွှေတပ်ပြီး “ရွှေတိဂုံ” လို့ ခေါ်ခဲ့ကြတာလို့လည်း ဖတ်ရှုခဲ့ရဖူးတယ်။ ဒါက ရွှေတိဂုံရယ်လို့ အမည်နာမ ခေါ်တွင်ပုံကို သိသလောက်လေး ရှာဖွေကြည့်တာပါ။ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး။ ရန်ကုန်သမိုင်းနဲ့ ရွှေတိဂုံသမိုင်းဆိုတာ ခွဲကြည့်လို့တော့ မရပေဘူးပေါ့။ ဆက်စပ်နေတာကိုး။ ဒဂုံကနေ ရန်ကုန်ဖြစ်တာဆိုရင် အလောင်းမင်းတရားကြီးနဲ့ ဆက်စပ်နေတာပဲ မဟုတ်လား။ ရန်ကုန်ကို Rangoon လို့ မှည့်ခေါ်တာကျတော့ အင်္ဂလိပ်နဲ့ ဆက်စပ်ပြန်တယ်။ မှတ်တမ်းတချို့ အဆိုကတော့ ၁၇၉၅ ခုနှစ်ထဲမှာ ဆိုင်းမစ်စ်က စတင်သုံးစွဲခဲ့ပြီး ၁၈ဝဝ ပြည့်နှစ်ထဲရောက်မှ မြေပုံမှာ ဖော်ပြပါရှိခဲ့တာကိုး။ ဒီတော့မှ တရားဝင်သုံးစွဲလာကြတာ။ ဒီလို Rangoon လို့ ရေးတာကိုက ရခိုင်အသံထွက်ကိုယူပြီး ရေးခဲ့တာလို့ Doutrimer က သူ့ရဲ့ Burma Under British Rule စာအုပ်မှာ ဖော်ပြခဲ့တယ်။ ဒါကြောင့် ရန်ကုန်သမိုင်းနဲ့ ဆက်နေတာလို့ ပြောတာပါ။ အခု ရွှေတိဂုံအကြောင်း ဆက်လေ့လာကြည့်ပါမယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်မှာ ဗန္ဓုလတို့ ရွှေတိဂုံကနေ စစ်ကြောင်းဆုတ်ခွာတော့ အဲ့ဒီနေရာကို အင်္ဂလိပ်တပ်တွေ ဝင်ရောက် တပ်စွဲတော့တာပေါ့။ အဲ့ဒီမှာ ဋ္ဌာပနာတိုက် ဖောက်ထွင်းခိုးယူမှုတွေ စတော့တာပါပဲ။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပြီးတော့ ရွှေတိဂုံကုန်းတော်ဟာ ခံတပ်အဖြစ် အသုံးပြုခံခဲ့ရတယ်။ အဲ့ဒီမှာလည်း ဋ္ဌာပနာဖောက်ယူမှုတွေ ရှိခဲ့တယ်။ အဲဒီတကြိမ် ဖောက်ယူမှုဟာ အရင်တကြိမ်ထက် ဆိုးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘုရင်ခံချုပ်က အမိန့်တရပ် ထုတ်ဆင့် တားမြစ်ခဲ့လို့ ရပ်ဆိုင်သွားခဲ့တယ်။ ဒါပေမယ့် ခံတပ်အဖြစ် ဆက်လက်တည်ရှိနေဆဲပါ။ စေတီတော်ရဲ့ အနောက်ဖက်မုခ် တခြမ်းလုံး ခံတပ်ကုန်းဖြစ်နေတော့ မြန်မာတွေ အဲ့ဒီဘက်က တက်မရဘူး။ ဒါကိုတော့ စစ်ကဲမောင်ထော်လေးက အင်္ဂလိပ်အစိုးရထံ အကြိမ်ကြိမ် ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အကြောင်းတိုက်ဆိုင်မှ ထပ်မံဖော်ပြပါမယ်။ အခုပြောချင်တာက ရွှေတိဂုံဘုရားမှာ ဂေါပက စတင်ရောက်လာတဲ့ အကြောင်းပါ။ အင်္ဂလိပ်အစိုးရအောက် မြန်မာနိုင်ငံ အုပ်ချုပ်စဉ်မှာ ပထမဆုံး ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်ယူသူက စစ်ကဲမောင်ထော်လေးနဲ့ အဖွဲ့လို့ ဆိုပါတယ်။ စစ်ကဲမောင်ထော်လေးနဲ့အဖွဲ့လို့ ဆိုပေမယ့် တသီးပုဂ္ဂလ ပရဟိတအဖွဲ့ပါ။ စစ်ကဲမောင်ထော်လေးနောက်တော့ “အလယ်တောရ ဆရာတော်ဦးပြား” က တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ဝိနည်းထိုရ်တဲ့ ဆရာတော်ကြီးဆိုတော့ ရဟန်းနဲ့ လျောက်ပတ်ခြင်းမရှိတဲ့ ငွေရေးကြေးရေးကိစ္စ ပါလာတာကြောင့် မြို့သူမြို့သားတွေနဲ့ တိုင်ပင်ပြီး လူပုဂ္ဂိုလ် ၆ ဦးပါတဲ့ စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ကို တင်မြှောက် ဖွဲ့စည်းပေးလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး စည်းမျဉ်းစည်းကမ်းဆိုတာ မရှိသေးပေမယ့် ဘုရားဂေါပကဆိုတာ ပေါ်လာပြီလို့ ဆိုရမှာပါ။ ပထမတာဝန်ယူတဲ့သူက စစ်ကဲမောင်ထော်လေးပေါ့။ နောက်တော့ တန်ဆောင်းဒါယကာတွေ၊ ကျောင်းဒကာတွေ၊ ဘုရားဒကာတွေပါတဲ့ ဂေါပကအဖွဲ့ကြီးပေါ့။ ဘုရားကြီးကို ဥယျာဉ်ခြံမြေလှူထားတဲ့ တန်ဆောင်းဒါယကာကြီး ဦးကြွယ်ဟိုးတို့ ပါဝင်ဖွဲ့စည်းခဲ့တာ။ တကယ် ဘုရားတရားအပေါ်မှာ သက်ဝင်တဲ့ အလှူရှင်တွေနဲ့ ဖွဲ့ခဲ့တာ။ မိုးကျရွှေကိုယ်တွေနဲ့ဖွဲ့တဲ့ ဂေါပက မဟုတ်ခဲ့ဘူး။ သိက္ခာ သမာဓိရှိသူတွေနဲ့ ဖွဲ့ခဲ့တဲ့ ဂေါပကပေါ့။ ဒီကြားထဲ မင်းတုန်းမင်း ထီးတော်တင်တာတွေက နောက်မှပြောကြရအောင်။ သီပေါဘုရင် ပါတော်မူတဲ့နှစ်ထဲမှာတော့ ရန်ကုန်မြို့ရဲ့ ရီကော်တာ မင်းကြီးရုံးက ရွှေတိဂုံ ဂေါပကအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ရေးပြီး ၉ ဦးအထိပါဝင်တဲ့ အဖွဲ့ဝင်ကို ရွေးချယ်ပြီး အစိုးရအသိအမှတ်ပြု ဂေဇက်ဝင် ဘဏ္ဍာတော်ထိန်းအဖွဲ့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် တကယ် ရွေးချယ်တင်မြှောက်တာမျိုးတော့ မဟုတ်သေးပါဘူး။ လက်သင့်ရာ ခန့်အပ် ဖွဲ့စည်းတာမျိုးပဲ ရှိပါသေးတယ်။ သီပေါမင်းပါတော်မူတဲ့နှစ် ၁၈၈၅ နှစ်စပိုင်းမှာ စည်းမျဉ်းစည်းကမ်းနဲ့ ခန့်အပ်တဲ့ ဂေါပကအဖွဲ့လို့ ဆိုနိုင်ပါတယ်။ နောက် ၂ နှစ်အကြာ ၁၈၈၇ ထဲ အရောက်မှာတော့ ဂေါပကအဖွဲ့ရဲ့ ငွေစာရင်း မရှင်းမလင်းဖြစ်မှု အပေါ်မှာ မြို့ခံလူထုက မကျေမနပ် ဖြစ်လာခဲ့တယ်။ အဲ့ဒီမှာ မြို့လူထုက ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ကို မဲနဲ့ရွေးချယ်ခန့်ထားဖို့ တောင်းဆိုလာတဲ့အတွက် ၁၈၈၉ ခုနှစ် အရောက်မှာတော့ မဲနဲ့ရွေးချယ်ခန့်ထားတဲ့ ဂေါပကအဖွဲ့ ပေါ်လာခဲ့တာပဲ။ ဒါတောင် ဒီဂေါပကလက်ထက်ထဲမှာ ရွှေပြားကပ်ဖို့ လုပ်ထားတာတွေ ပျောက်သွားလို့ ဂေါပကအဖွဲ့က သူဋ္ဌေးတွေ စိုက်လျော်လို့ အဆင်ပြေသွားတာကြောင့် လူထုအသံ ထွက်မလာခဲ့တာလို့ ဆိုတယ်။ အဲ့ဒီရွှေပြားကပ်ဖို့ကို ဝေလမင်းသားက ၄ ပြား ကပ်လှူပူဇော်ခဲ့သေးတယ်။ ၁၈၉၄ ထဲမှာ အိန္ဒိယဘုရင်ခံနဲ့ ဟံသာဝတီ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ ငှက်ပျောဖူးမှာ အုပ်ထားတဲ့ ပိတ်စကို စက်ခလုတ်နှိပ်ပြီး ရွှေပြားကပ်လှူပူဇော်ပွဲကို ဖွင့်လှစ်ပေးခဲ့တာပေါ့။ မြန်မာတို့ အောင်ပွဲအစစ်ကတော့ ရွှေတိဂုံဘုရားကြီးပေါ်မှာ အင်္ဂလိပ်တို့ ခံတပ်ကုန်းအဖြစ် တပ်စွဲထားခဲ့တာကို အောင်မြင်မှုရအောင် လူထုအားနဲ့ တိုက်ပွဲဆင်နိုင်ခဲ့ခြင်းပါပဲ။ ဝတ်လုံတော်ရ ဦးသိန်းမောင်က အဓိက အကျိုးဆောင်ခဲ့တာ။ နောက်ဆုံး ဘုရင်ခံအိမ်တော်မှာ သွားရောက်ပြီး ဘုရားမှာ စစ်တပ်ရှိနေတာ မသင့်လျော်ကြောင်း ပြောဆိုညှိနှိုင်း ဆွေးနွေးရာက အောင်မြင်မှုရလာခဲ့တယ်။ ရွှေတိဂုံရဲ့ ပြဿနာထဲမှာ ဒီပြဿနာပြေလည်မှုဟာ အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုတခုပါ။ အဲ့ဒီအချိန်ကစပြီး ရွှေတိဂုံဘုရားလည်း သာသနာမြေအဖြစ် လွတ်လပ်ရေးရသွားခဲ့ဟန်ပါပဲ။ အဲ့ဒီလို ရွှေတိဂုံဘုရားကြီး သာသနာနယ်မြေအဖြစ် လွတ်လပ်ရေးရတော့ ဗမာထုံးစံအတိုင်း ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပတာပေါ့။ ၂.၃.၃ဝ ခုနှစ်မှာ ပျော်ရွှင်ပွဲကြီး ဝှဲချီးကျင်းပတာ တပတ်ကျော်ကြာဆိုပဲ။ ဒီလို အောင်ပွဲကျင်းပပြီးသွားတဲ့အခါ ကျန်သူတွေ အားလုံးကတော့ မဏ္ဍပ်တွေကို ဆိုင်ရာဆိုင်ရာ အသီးသီး ဖျက်သိမ်းသွားပေမယ့် မဖျက်သိမ်းဘဲ ကျန်ခဲ့တာက ဦးနာဂိန္ဒဆိုတဲ့ ဘုန်းကြီးပေါ့။ ဂေါပကတို့၊ ဘဏ္ဍာတော်ထိန်း အဖွဲ့တို့က ကျန်နေတဲ့ သူ့တဲနဲ့ မဏ္ဍပ်ကို ဖျက်ဖို့ အမိန့်ပေးပေမယ့် သူက မဖျက်ဘူးတဲ့။ သူက နိုင်ငံရေးဘုန်းကြီးဆိုပဲ။ ဦးနာဂိန္ဒက နိုင်ငံရေးဘုန်းကြီးမို့ သူ့မဏ္ဍပ်မဖျက်တာက အကြောင်းမဟုတ်ဘူး။ သူ့မဏ္ဍပ်နား အမှိုက်ပုံကို မီးစွဲရာက ကုန်းတော်တခုလုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတော့ ကျန်ရစ်ခဲ့လေရဲ့။ မီးလောင်ပြာကျသွားတဲ့အထဲမှာ ဓမ္မစေတီမင်းရဲ့ ရွှေတိဂုံစေတီသမိုင်း ကျောက်စာများ ထားရှိရာ ကျောက်စာရုံအပါအဝင် အဆောက်အအုံပေါင်း ၂၃ ဆောင် တံခွန်တိုင်တွေမကျန် မီးလောင်ကျွမ်းသွားတယ်လို့ သတင်းစာဆရာကြီး ဦးသိန်းမောင်က မှတ်တမ်းပြုထားခဲ့တယ်။ ဒီလိုနဲ့ လွတ်လပ်ရေးခေတ်ရောက်တဲ့အထိ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ဟာ မဲနဲ့ ရွေးချယ်ခန့်ထားခဲ့တာ။ ဂုဏ်သရေရှိ ဘုရားဒကာ၊ ကျောင်းဒကာ၊ သူဋ္ဌေးသူကြွယ်တွေကပဲ ဘာသာ သာသနာ ပညာ ကိုင်းရှိုင်းစိတ်ကြီးစွာနဲ့ အကျိုးသယ်ပိုးခဲ့ကြတာ။ သံသရာကြောက်သူတွေဆိုတော့ ဘုရားပစ္စည်း သံဃိကပစ္စည်းကို လက်သဲစောင်းနဲ့တောင် မခြစ်ရက်ကြသူတွေလို့ အဆိုရှိပါတယ်။ ဒီနောက်ပိုင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထဲမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ကစလို့ စစ်တပ်အရာရှိအချို့ ဂေါပကအဖြစ် ဝင်ရောက်လာခဲ့ဟန်ရှိပါတယ်။ ဗိုလ်နေဝင်းလက်ထက် ဗိုလ်မင်းခေါင်လည်း ဂေါပကလုပ်ခဲ့ဖူးတယ်။ အဲ့ဒီနောက်ပိုင်း အစဉ်အလာတခုလို ဖြစ်လာခဲ့တဲ့သဘော ရှိခဲ့ပုံပါပဲ။ အဲ့ဒီကစလို့ ရွှေတိဂုံမှာ မိုးကျရွှေကိုယ် ဂေါပကတွေ ပေါ်လာဟန်ပါပဲ။ ဒီလို အင်္ဂလိပ်ခေတ် သူ့ကျွန်ဘဝမှာ ရှိစဉ်တုန်းက ရှေးမြန်မာတွေဟာ မြတ်နိုးစိတ်နဲ့ ရွှေတိဂုံဘုရားအတွက် တိုက်ပွဲဝင်ခဲ့ရတာတွေ၊ ဘုရားကြီးအတွက် ရင်ဆိုင်ခဲ့ရတာတွေဟာ လွယ်လွယ်နဲ့ အောင်ပွဲရခဲ့တာ မဟုတ်ဘူး ဆိုတာကို သိစေချင်တာလည်း ပါတယ်။ အဲ့ဒီခေတ် မြန်မာတွေဟာ ဘယ်သူမှ တာဝန်ပေးလို့ မဟုတ်ဘူး။ ကိုယ့်တာဝန်ကိုယ်ယူပြီး ဘာသာ သာသနာ ပညာအတွက် လုပ်ဆောင်ခဲ့ကြတာကို နမူနာယူပြီး ကိုယ်ကျိုးစီးပွား အသုံးမချစေချင်တဲ့ စေတနာနဲ့ တင်ပြခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရား ဂေါပကရွေးကောက်ပွဲနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေဟာ ဒီနေ့ဒီအချိန်မှာ ပြန်လည်သုံးသပ်သင့်ပြီလို့ ထင်မြင်မိပါတယ်။ အခုထက်ပိုတဲ့ ပွင့်လင်းမြင်သာမှုတွေကို လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ရွှေတိဂုံရဲ့ ပြဿနာအဖုံဖုံဟာ ပြေလည်သွားနိုင်မှာပါ။ တပြိုင်တည်းမှာ ဘုရားရဲ့ အရိပ်အာဝါသဟာလည်း ဒီထက်ပို ငြိမ်းအေးသွားမယ် ထင်ပါရဲ့။ ကျန်ရှိနေသေးတဲ့ ရွှေတိဂုံဆိုင်ရာ အကြောင်းချင်းရာလေးတွေကိုတော့ အဆင်သင့်တဲ့ကာလမှာ ထပ်ပြောကြသေးတာပေါ့။ ဆရာဋ္ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024