တောင်ကြီးမြို့တွင် ၄ လောင်းပြိုင် အသတ်ခံခဲ့ရသူများ၏ဈာပန ကျင်းပ (ရုပ်သံ)
နန်းမြနဒီ
·
August 22, 2018
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပြိုင်နက်တည်း အသတ်ခံခဲ့ရသူ တပ်မိသားစုဝင် ၄ ဦးရဲ့ ဈာပနကို နယ်မြေခံစစ်တပ်ရဲ့ အစီအစဉ်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းက တိုင်းရင်းသားပေါင်းစုံ သုသာန်မှာ ကျင်းပပါတယ်။
ဈာပနမှာ သေဆုံးသူတွေရဲ့ သက်ဆိုင်ရာ ဆွေမျိုးမိဘနဲ့ တပ်အသိုင်းအဝိုင်းက လူတွေလောက်သာ တက်ရောက်ခဲ့တယ်လို့ ဈာပန လိုက်ပါပို့ဆောင်သူခဲ့တဲ့ တောင်ကြီး တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ ဦးဝင်းနိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့ ကျနော်တို့ ဂျီအီးတပ်ဆွယ်ကို သွားတဲ့အခါမှာ အသုဘအခမ်းအနား ရှိတယ်လို့ သိရတော့ လိုက်ပို့ကြတယ်။ ဈာပနအခမ်းအနားမှာ ကတ်ပြားပါတဲ့ မိသားစုဝင်တွေပဲ ဝင်လို့ရတယ်။ စစ်အခမ်းအနားနဲ့ ခရာတွေ ဘာတွေမှုတ်၊ အလေးပြုတာတွေတော့ အဝေးကနေပဲ ကြည့်ရတယ်။ အသုဘလာတဲ့ လူတွေလည်း ဘယ်သူမှ ရေရေရာရာ မပြောနိုင်ပါဘူး။ ထင်ကြေးနဲ့ ပြောနေကြတာတွေပဲ ရှိတယ်။ အခင်းဖြစ်တဲ့နေရာက ဝန်ထမ်းလိုင်းဆိုပေမယ့် လူတွေနဲ့ဝေးပြီး ဘယ်သူမှမသိကြဘူး၊ ပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြီး ကန့်သတ်ထားတဲ့နယ်မြေလည်း ဖြစ်တယ်”
သေဆုံးသူတွေဟာ ဂျီအီး အင်ဂျင်နီယာတပ်က တပ်ကြပ်ကြီး လွမ်းဝေအောင် (အသက် ၂၅ နှစ်)၊ ဒုအရာခံဗိုလ် အောင်ဆန်းဝင်း (၃၀ နှစ်)၊ မအိအိမိုး (၃၃ နှစ်) နဲ့ သမီးဖြစ်သူ မရှင်းသန့်ဖြူ (၅ နှစ်) တို့ဖြစ်ပါတယ်။
လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားကြောင်း လူမှုကွန်ရက်ပေါ်ကနေ သိရှိရပြီးတဲ့နောက် တောင်ကြီးအခြေစိုက် သတင်းထောက်တွေဟာ သတင်းမှန်တင်ပြနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်/ခရိုင်ရဲစခန်းတွေဆီကိုရော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဂျီအီးတပ်ဆွယ်တွေဆီပါ သွားရောက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိပါဘူး။
ဒီဖြစ်စဉ်ကြောင့် တောင်ကြီးဒေသခံတွေကြား ထိတ်လန့်စိုးရွံ့မှုတွေ ရှိနေလို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ သတင်းမှန်ထုတ်ပြန်ပေးဖို့ လိုလားနေကြပါတယ်။