ဥက္ကံတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ် ၅ လုံး ပျက်စီး
DVB
·
August 13, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ သြဂုတ် ၁၃ ရက် မနက် ၃ နာရီလေက်က လေပြင်းတိုက်ခတ်ပြီး မင်းရဲကျော်စွာရပ်ကွက်အတွင်းရှိ လူနေအိမ် ၅ လုံး အမိုးလန် ပျက်စီးသွားပါတယ်။
ပျက်စီးသွားတဲ့ နေအိမ်က ဒေါ်ကရင်မက “ကျမတို့မိသားစုတွေ အိပ်နေချိန်မိုးရွာပြီး လေတိုက်တယ်။ အစကလေက ဖြည်းဖြည်းတိုက်တာ။ နောက်လေကဝေါဆိုပြီး တိုက်လိုက်တာ အိမ်အမိုးတွေ အကုန်လန်ပြီး ပစ္စည်းတွေလေထဲပါသွားတယ်။ လေကတော်တော်ပြင်းတာ ညဘက်ဆိုတော့ လိုက်မကောက်တတ်လို့ ဘေးကအိမ်တွေမှာ နေရတယ်။ မနက်ကျမှ ပစ္စည်းတွေ လိုက်ကောက်ရတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်က ၅ လုံး၊ လူဦးရေ ၁၆ ဦးနဲ့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆ သိန်းဖိုလောက်ရှိတယ်လို့ အုပ်ချူပ်ရေးမှူးဦးတင်လှက ပြောပါတယ်။
သတင်း-မေသွယ်