မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးကြီးနိုင်
DVB
·
July 27, 2018
ဒီနေ့မနက် ၇ နာရီ တိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့မှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့ ညနေပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၇ ပေမှ ၁၀ ပေလောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေမယ်လို့ ဆိုပါတယ်။
ဒီနေ့ညနေအထိ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ အနီးတဝိုက်တို့မှာ ထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ - မိုးဇလ