လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာ၊ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်
DVB
·
July 21, 2018
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်း၊၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာ နေရာ စိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသ အလိုက်နဲ့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေကျရောက်ကာ လှိုင်းကြီးမယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေကနေ ၁၄ ပေလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။